မင်းဘူး ဇန်နဝါရီ ၁၇
မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့တွင် အကြမ်းဖက်သောင်းကျန်းသူများက ဘုရားစေတီပုထိုးများ၊ ဗုဒ္ဓဆင်းတုတော်များအား ဖျက်ဆီးစော်ကားမှုများအား ကန့်ကွက်ရှုတ်ချပွဲကို ယနေ့ညနေ (၃)နာရီတွင် သတ်မှတ်စုရပ်နေရာ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ကန့်ကွက်ရှုတ်ချပွဲပြုလုပ်ရာတွင် မင်းဘူးမြို့၊ ခရိုင်အားကစားကွင်းရှေ့လမ်းမကြီးပေါ်၌ စုရပ်ပြုလုပ်ကြပြီး၊ ဆရာတော်ကြီးများက ဦးဆောင်၍ သံဃာတော်များနှင့် ဒေသခံပြည်သူများ စုစုပေါင်းအင်အား(၄၅၀)ဦးခန့်မှ ကြွေးကြော်သံများနှင့် ဗီနိုင်းပိုစတာများကို ကိုင်ဆောင်ကာ ဗုဒ္ဓဘာသာစေတီပုထိုးများ၊ ဆင်းတုတော်များအား ဖျက်ဆီးနေသည့် အကြမ်းဖက်သောင်းကျန်းသူများနှင့် မိစ္ဆာများအား ဆန့်ကျင်ရှုတ်ချကြောင်းကို ဆန္ဒထုတ်ဖော်ရန် စတင်ထွက်ခွာခဲ့ကြသည်။ ထိုမှတစ်ဆင့် ဦးဩဘာသခန်းမရှေ့ကွင်းပြင်သို့ ရောက်ရှိလာပြီး ဆရာတော်၊ သံဃာတော်များနှင့် မျိုးချစ်ပြည်သူ ဦးဆောင်သူများက ဗုဒ္ဓဘာသာအပေါ် ဖျက်ဆီးရန် လုပ်ဆောင်နေမှုများကို ကန့်ကွက်ရှုတ်ချကြောင်း ဟောပြောကြသည်။
ထို့နောက် ကန့်ကွက်ရှုတ်ချပွဲသို့ တက်ရောက်လာကြသူများက မြန်မာနိုင်ငံသား ဗုဒ္ဓဘာသာဝင် တိုင်းရင်းသားများ ကိုးကွယ်နေသည့် ဘုရား၊ စေတီများအား ဖျက်ဆီးသူအကြမ်းဖက်သမားများအား (ဆန့်ကျင်ကြ)၊ ဗုဒ္ဓဘာသာဝင်များ၏ ကိုးကွယ်အထွဋ်အမြတ်ထားရာ ဘုရား၊ စေတီ၊ ဆင်းတုတော်များကို ဖျက်ဆီးနေသော ပြည်ဖျက်မိစ္ဆာသောင်းကျန်းသူများအား (ဆန့်ကျင်ကြ) စသည့် ကြွေးကြော်သံများ၊ ဆိုင်းဘုတ်များကို ကိုင်ဆောင်၍ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့ကြကြောင်း သိရသည်။
မင်းဘူးသား