ဝါးခယ်မတွင် မဲရုံ ၃၃၃ ရုံ၌ တာဝန်ထမ်းဆောင်မည့် အထူးရဲများ သင်တန်းဆင်း

ဝါးခယ်မ  အောက်တိုဘာ  ၂၈

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပသွားမည်ဖြစ်ပြီး ပြည်သူများ စိတ်အေးချမ်းမြေ့စွာ ဆန္ဒမဲပေးနိုင်စေရေးအတွက် မဲရုံများတွင် တာဝန်ထမ်းဆောင်မည့် အထူးရဲများကို အောက်တိုဘာ ၁ ရက်နေ့မှစ၍ သင်တန်းပို့ချပေးခဲ့ပြီး ယနေ့ နံနက် ၇ နာရီက သင်တန်းဆင်းခဲ့ကြကြောင်း သိရသည်။

အထူးရဲသင်တန်းကို ဝါးခယ်မမြို့နယ်တွင် နေရာလေးခုခွဲကာ သင်တန်းဖွင့်လှစ်ပို့ချခဲ့ပြီး သင်းတန်းတွင် လူ့အခွင့်အရေး၊ ပြည်သူလူထုပူးပေါင်းပါဝင်သော ရဲလုပ်ငန်းစနစ်၊ ရဲစည်းကမ်း ထိန်းသိမ်းရေးဉပဒေ၊ ရဲကျင့်ဝတ်၊ ရာဇသတ်ကြီးဉပဒေ၊ ရဲအက်ဉပဒေ၊ ရာဇဝတ် ကျင့်ထုံးဉပဒေ၊ ရဲလက်စွဲဉပဒေ၊ ရွေးကောက်ပွဲ ဆိုင်ရာဉပဒေ၊ သတင်းမီဒီယာဉပဒေနှင့် ကျင့်ဝတ်စသည့် ဘာသာရပ်များအပြင် ကိုယ်ကာယကြံ့ခိုင်ရေးနှင့် စစ်ရေးပြ(လက်နက်မဲ့) စသည်တို့ကို သက်ဆိုင်ရာ တာဝန်ရှိသူများက သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။

ဝါးခယ်မမြို့နယ်အနေဖြင့် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို ဆန္ဒမဲပေးပိုင်ခွင့် ရှိသူ စုစုပေါင်း ၂၂၇၄၄၈ ဦးရှိပြီး မဲရုံ ၃၃၃ ရုံ၌ အထူးရဲ ၃၃၃ ဦး တာဝန်ထမ်းဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

လွှမ်းသီဟ(ပြန်/ဆက်)