လက်ပံတန်း ဇန်နဝါရီ ၁၇
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများအား ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ မိတ္တဗလနှင့်ဘောဂဗလအစရှိသည့် ဗလငါးတန်အပါအဝင် အထွေထွေဗဟုသုတများ ဖွံ့ဖြိုးတိုးတက်မြင့်မားစေရန်နှင့် လူအများရှေ့၌ ပြောဆိုဆွေးနွေးတတ်သော အလေ့အကျင့်ကောင်းများရရှိစေရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်စကားဝိုင်းကို ယနေ့နံနက် ၉ နာရီက အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးမျိုးမင်းထွန်းက လူငယ်စကားဝိုင်းများ ကျင်းပပြုလုပ်ခြင်းရည်ရွယ်ချက်နှင့် အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြား၍ လူငယ်စကားဝိုင်းစတင်ကျင်းပရာ ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမျိုးမင်းထွန်းနှင့် စာအုပ်စာပေချစ်မြတ်နိုးသူများအသင်း(Book Club)ဥက္ကဋ္ဌ ဦးမြင့်သိန်းတို့က ဦးဆောင်ဆွေးနွေးသူအဖြစ် ပါဝင်ဆောင်ရွက်ခဲ့သည်။
အဆိုပါ လူငယ်စကားဝိုင်းဆွေးနွေးပွဲ၌ ကျောင်းသား၊ ကျောင်းသူများဖြစ်သော Grade-10 မှ မောင်သျှိုင်းလင်းထက်နှင့် Grade-11 က မအိမ့်ဟေမာန်မင်းတို့က "လူငယ်နှင့် အားကစား"ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-8 မှ မောင်ဇွဲမာန်ဟိန်းနှင့် Grade-7 မှ မနှင်းရတီဖြိုးတို့က "လူငယ်နှင့်စာရိတ္တ" ခေါင်းစဉ်တို့ဖြင့် ပါဝင်ဆွေးနွေးခဲ့ကြရာ ဆွေးနွေးချက်များအပေါ် တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည့်အချက်များကို ပြန်လည်မေးမြန်း၍ ဦးဆောင်ဆွေးနွေးသူနှင့် ကဏ္ဍအလိုက်ပါဝင်ဆွေးနွေးသူများက ပြန်လည်ဖြေကြားပေးခဲ့သည်။
လူငယ်စကားဝိုင်းဆွေးနွေးပွဲသို့ ကျောင်းအုပ်ဆရာ/ဆရာမကြီးများနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း(၁၅၀)ကျော်တက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)