လိပ်သို ဇန်နဝါရီ ၁၇
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့တွင် ကလေးငယ်များ၊ ကျောင်းသား/ကျောင်းသူများအား ကာယ၊ ဉာဏစွမ်းရည်များ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် စာကြည့်တိုက်သို့လာရောက်သည့် အလေ့အကျင့်ရှိစေရန်ရည်ရွယ်၍ စွမ်းရည်ပြိုင်ပွဲများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့ဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့မွန်းလွဲ ၁ နာရီအချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်နွယ်နွယ်ခိုင်က ယခုလိုပြိုင်ပွဲများ ပြုလုပ်ပေးခြင်းဖြင့် ကျောင်းသား/ကျောင်းသူများ ဉာဏ်ရည်ဉာဏ်သွေးများ ပိုမိုထက်မြက်လာမည်ဖြစ်ကြောင်း၊ စာဖတ်ခြင်းသည် တွေးခေါ်မြော်မြင်နိုင်စွမ်း၊ အမှားအမှန်ကို ဆုံးဖြတ်နိုင်စွမ်းကိုလည်းပေးပါကြောင်း၊ တစ်ဦးနှင့်တစ်ဦး ချစ်ခင်ရင်းနှီးမှုရရှိစေရန်၊ ပူးပေါင်းပါဝင်ဆောင်ရွက်တတ်သည့် အလေ့အကျင့်ရှိစေရန် ရည်ရွယ်၍ ပြိုင်ပွဲများ ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ ကျောင်းသား/ကျောင်းသူများဖြင့် ပြိုင်ပွဲများကိုကျင်းပခဲ့ရာ အမှတ် (၁) ရပ်ကွက်မှ မူလတန်းအဆင့် ကျောင်းသား/ကျောင်းသူလေးများ စုစုပေါင်း (၃၃) ဦးခန့်က ဆေးရောင်ခြယ်၊ ခါးလှည့်ကွင်း၊ ဘိုလိမ်းပစ်၊ ဘောလုံးပစ်ပြိုင်ပွဲနှင့် ရုပ်ပုံဆက်ကစားခြင်းများကို ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။ ဆက်လက်၍ ပြိုင်ပွဲများအပြီးတွင် ပါဝင်ယှဉ်ပြိုင်ကြသည့် ကျောင်းသား/ကျောင်းသူများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက အာဟာရမုန့်များဖြင့် ကျွေးမွေးဧည့်ခံခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ခင်လေးနွယ်(လိပ်သို)