ရွှေတောင် ဇန်နဝါရီ ၁၇
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် မြို့နယ်ဌာနဆိုင်ရာ အကြီးအကဲများ၊ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းမျာ လစဥ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟံဝင်းအောင်မှ မြို့နယ်အတွင်း နွေစပါးစိုက်ဧကများ လျာထားဧကပြည့်မှီကျော်လွန်စွာ စိုက်ပျိုးနိုင်ရေး၊ အထွက်ကောင်းသက်တမ်းတိုမျိုးများ စိုက်ပျိုးနိုင်ရေး၊ သွင်းအားစုနှင့် စိုက်ပျိုးရေလုံလောက်စွာရရှိနိုင်ရေး၊ ရေရရှိမှုအပေါ်မူတည်၍ လေလွင့်မှုမရှိစေဘဲ သတ်မှတ်ကာလအတွင်း ဧကပြည့်စိုက်ပျိုးနိုင်ရေး၊ ဆောင်းသီးနှံစိုက်ဧကများအား ပန်းတိုင်အထွက်နှုန်းပြည့်မီစေရေးနှင့် လျာထားဧကပြည့်မီကျော်လွန်စွာ စိုက်ပျိုးနိုင်ရေးကိစ္စရပ်များ၊ ဒေသဖွံဖြိုးရေးကိစ္စရပ်များ၊ ဒေသအတွင်းပညာရေး၊ ကျန်းမာရေးကိစ္စရပ်များအပြင် ကောလဟလသတင်းများ၊ မီဒီယာတွင်ဖော်ပြမှုအားသတင်းမှန် ထုတ်ပြန်ရေးဖြင့် ချေဖျက်သွားရန်စသည့်တို့အား အကျယ်တဝင့် ဆွေးနွေးမှာကြားပြီး ရွှေတောင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များမှ လုံခြုံရေးနှင့် အခြားလိုအပ်သည်များကို ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။
ထို့နောက် မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများမှ သက်ဆိုင်ရာဌာနအလိုက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းကိစ္စရပ်များကို ရှင်းလင်းတင်ပြခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟံဝင်းအောင်မှ လုပ်ငန်းလိုအပ်ချက်များအပေါ် သက်ဆိုင်ရာဌာနများအလိုက် ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။
ကိုကိုမင်း (ပြန်/ဆက်)