ပိုင်ကျုံ ဇန်နဝါရီ ၁၇
ကရင်ပြည်နယ်၊ ပိုင်ကျုံမြို့၌ ကျောင်းသားလူငယ်များ စည်းကမ်းပြည့်ဝပြီး စိတ်ဓာတ်စွမ်းရည် မြှင့်တင်စေရေးနှင့် အသိပညာဗဟုသုတ ပိုမိုရရှိစေရန် ရည်ရွယ်၍ ဇန်နဝါရီလ ၁၅ ရက်က အ.လ.က-ဖားကပ်ကျောင်း၌ အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းလုပ်ငန်းများ နယ်လှည့်ကွင်းဆင်း ဆောင်ရွက်ခဲ့သည်။
အဆိုပါ ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်နော်ခူးခူးက ပလတ်စတစ်၏ဆိုးကျိုးများ၊ ပလတ်စတစ်သုံးစွဲမှုလျှော့ချရေးဆိုင်ရာ နည်းလမ်းများနှင့် နိုင်ငံ၏အနာဂတ် ဖွံ့ဖြိုးတိုးတက်ရေး၊ ပတ်ဝန်းကျင်သာယာလှပရေးအတွက် လူငယ်များစည်းကမ်းရှိပြီး လူတော်လူကောင်းဖြစ်ဖို့ မူးယစ်ဆေးဝါးသုံးစွဲခြင်းမှ ရှောင်ရှားရန်လိုအပ်သည့်ကြောင်းများကို စကောကရင်ဘာသာဖြင့် ဆွေးနွေးပြောကြားခဲ့သည်။
ထိုလုပ်ငန်းများဆောင်ရွက်ရာတွင် ကျောင်းသားလူငယ်များ အသိပညာဗဟုသုတ ပိုမိုရရှိစေရန်အတွက် ပလတ်စတစ် သုံးစွဲမှုလျှော့ချရေးနှင့် မူးယစ်ဆေးဝါးသုံးစွဲမှု အန္တရာယ်နှင့်ပတ်သက်သည့် အသိပညာပေးနံရံကပ်စာစောင်များကို ကျောင်းသားလူငယ်များတို့မှ စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။
နော်ခူး(ပြန်/ဆက်)