နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးတည်ချက် (၉) ရပ်တွင် တစ်ခုအပါအဝင် ဖြစ်သော “တိုးတက်ကောင်းမွန်လာသည့် စီးပွားရေးမောင်းနှင်အားကိုမဏ္ဍိုင်ပြု၍ MSME စက်မှုလုပ်ငန်း များကို အားပေးဆောင်ရွက်ကာ ပို့ကုန်ကဏ္ဍမြှင့်တင်ရေး” ဆိုသည့် ဦးတည်ချက်နှင့်အညီ အသေးစား အငယ်စားနှင့် အလတ်စား စီးပွားရေး MSME လုပ်ငန်းများကို ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်အတွင်း ဆောင်ရွက်လျက်ရှိပါသည်။
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင် မှတ်ပုံတင်ထားသည့် အသေးစား အငယ်စားနှင့် အလတ်စား MSME လုပ်ငန်းအရေအတွက် (၈၃) ခု မှတ်ပုံတင်ထားကြောင်း ပြည်ခရိုင်၊ အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ သိရသည်။ အဆိုပါ မှတ်ပုံတင်ထားသည့် လုပ်ငန်းများမှ ရွှေတောင်မြို့၊ ယွန်းတန်းရပ်ကွက်၊ တောင်ဘုရားကြီးလမ်း၊ အမှတ် (၁၄) ရှိ “ဥမ္မာကျော်” စားသောက်ကုန်လုပ်ငန်းရှင် မဥမ္မာကျော်နှင့် တွေ့ဆုံမေးမြန်းထားမှုကို တင်ပြလိုက်ပါသည်။
မေး။ “ဥမ္မာကျော်” စားသောက်ကုန်လုပ်ငန်း စတင်လည်ပတ်မှုနှင့် ယခုလက်ရှိ အခြေအနေကို ရှင်းပြပေးပါဦးရှင်။
ဖြေ။ “ဥမ္မာကျော်” စားသောက်ကုန်လုပ်ငန်းမစတင်မီ မိသားစုတစ်ပိုင်တစ်နိုင် စီးပွားရေးလုပ်ငန်း အနေဖြင့် ရွှေတောင်ထမင်းသုပ်၊ ထမင်းအရောသုပ်နှင့် ရွှေတောင်ခေါက်ဆွဲကို ၂၀၀၂-ခုနှစ်ကစတင် ရောင်းချလျက်ရှိပြီး ၂၀၂၁-ခုနှစ်မှစ၍ ခရီးအဝေးသို့ယူဆောင်ရာတွင်လည်း လွယ်ကူစေရန်နှင့် အသင့်စားသုံးနိုင်ရန်အတွက် “ဥမ္မာကျော်” Ready Made စားသောက်ကုန် လုပ်ငန်းကို တိုးမြှင့်လုပ်ကိုင်ခဲ့ခြင်းဖြစ်ပါတယ်။
မေး။ “ဥမ္မာကျော်” စားသောက်ကုန်လုပ်ငန်းအနေနဲ့ ကုန်ပစ္စည်းဘယ်နှစ်မျိုး ထုတ်လုပ်ရောင်းချ ပါသလဲ၊ အများဆုံးရောင်းချရသည့် အမျိုးအစားကိုလည်း ပြောပြပေးစေလိုပါတယ်ရှင်။
ဖြေ။ ကျွန်မတို့ဆိုင်မှာ ရွှေတောင်ထမင်းသုပ်၊ ထမင်းအရောသုပ်၊ ရွှေတောင်အုန်းနို့ခေါက်ဆွဲ၊ ရွှေတောင်မုန့်ဟင်းခါးနှင့် စိန်ပန်းအကြွပ်ကြော်ဆိုပြီး အမျိုးအစား (၅) မျိုး ထုတ်လုပ်ရောင်းချလျက်ရှိပြီး အရောင်းကောင်းဆုံးကတော့ ထမင်းသုပ်နှင့် ထမင်းအရောသုပ်ဖြစ်ပြီး အခုနောက်ပိုင်းတော့ ရွှေတောင်အုန်းနို့ခေါက်ဆွဲဆိုတာ လူသိများလာပြီး ပိုပြီးတော့ရောင်းရပါတယ်ရှင်။ ၂၀၂၄-ခုနှစ်အစပိုင်းမှာ မုန့်ဟင်းခါးကိုလက်ခံလာကြပြီး မုန့်ဟင်းခါးတွေလည်း အတော်ရောင်းရပါတယ်။ အဓိကထုတ်ကုန်ပစ္စည်း (၅) မျိုးမှာ (၄) မျိုးက ဈေးကွက်မှာ နာမည်ရသွားပြီး တော်တော်လေး ရောင်းရပါတယ်။
မေး။ ပြည်တွင်း၊ ပြည်ပ ရောင်းချမှု အခြေအနေကိုလည်း သိပါရစေရှင်။
ဖြေ။ “ဥမ္မာကျော်” စားသောက်ကုန်လုပ်ငန်းက ထွက်ရှိတဲ့ကုန်ပစ္စည်းများကို ပြည်တွင်းအနေဖြင့် ရန်ကုန်၊ ပဲခူး၊ ပြည်နှင့် နတ်တလင်းမြို့များတွင် ကိုယ်စားလှယ်များပေးထားရပါတယ်။ ရွှေတောင်မြို့ပေါ်မှာတော့ ရွှေနံ့သာ၊ မြသော်တာ၊ နေဝန်းသူရိန်နှင့် ဆုံစည်းရာစတိုးဆိုင်များက ကိုယ်စားလှယ်ယူ ရောင်းချလျက်ရှိပြီး ပြည်ပအနေဖြင့် ထိုင်းနိုင်ငံကိုယ်စားလှယ်ရရှိထားရှိပြီး လစဉ်ရောင်းချရပါတယ်။ ဒါ့အပြင် ဂျပန်နှင့် စင်္ကာပူအထိ ဖြန့်ဖြူးရောင်းချနိုင်ပြီ ဖြစ်ပါတယ်ရှင်။
မေး။ ယခုလို စားသောက်ကုန်လုပ်ငန်း ဆောင်ရွက်ရတဲ့ ရည်ရွယ်ချက်များနှင့် ဆက်လက် ဆောင်ရွက်မည့် အခြေအနေကိုလည်း ပြောပြပေးပါဦးရှင်။
ဖြေ။ ရွှေတောင်မြို့မှာ အစားအသောက်တွေအရမ်းများတယ်၊ အရမ်းလည်းကောင်းတဲ့ အစားအသောက်တွေ ရှိတယ်ဆိုတာကို အမြို့မြို့အနယ်နယ်မှာရှိတဲ့ မိတ်ဆွေတွေကို ရွှေတောင်ကလို့ပြောလိုက်ရင် ရွှေတောင်ထမင်းသုပ်ရှိတဲ့နေရာ၊ ရွှေတောင်ခေါက်ဆွဲရှိတဲ့နေရာဆိုပြီး ရွှေတောင်မြို့လေးကို လူသိများစေလိုတဲ့အချက်နှင့် ဘိုးဘွားလက်ထက်ကစပြီး မိသားစုမျိုးရိုးစဉ်ဆက် လုပ်ကိုင်လာတဲ့လုပ်ငန်းအပေါ် ထိန်းသိမ်းချင်တဲ့ရည်ရွယ်ချက်၊ ထုတ်ကုန်ပစ္စည်းများကို ဆက်ပြီးတိုးချဲ့ချင်တဲ့ ရည်ရွယ်ချက်တွေနဲ့ ထုတ်လုပ်ခဲ့တာ ဖြစ်ပါတယ်။ ကျွန်မတို့ စားသောက်ကုန် လုပ်ငန်းကထုတ်တဲ့ ထုတ်ကုန်ပစ္စည်းများကို မြန်မာနိုင်ငံတွင်သာမက နိုင်ငံရပ်ခြားမှာ ကိုယ်စားလှယ်တွေနဲ့ ချိတ်ဆက်ရောင်းချပြီး နိုင်ငံခြားတင်သွင်းကုန် ပစ္စည်းတစ်ခုအနေနဲ့ ထုတ်လုပ်သွားမှာဖြစ်ပါတယ်ရှင်။
မေး။ ထုတ်ကုန်ပြပွဲ၊ ပြသမှု အခြေအနေများကိုလည်း ပြောပြပေးပါဦးရှင်။
ဖြေ။ ကျွန်မတို့ “ဥမ္မာကျော်” စားသောက်ကုန်လုပ်ငန်းက ထုတ်ကုန်ပစ္စည်းများကို ပဲခူးမြို့မှာ ကျင်းပတဲ့ ပဲခူးတိုင်းဒေသကြီး ထုတ်ကုန်ပစ္စည်း အရောင်းပြပွဲမှာ ပထမဆုံး တင်သွင်းခဲ့ပါတယ်။ ရွှေတောင်ထမင်းသုပ်၊ ထမင်းအရောသုပ်နှင့် ရွှေတောင်အုန်းနို့ခေါက်ဆွဲ (၃) မျိုးကို ရောင်းချပေးခဲ့ပါတယ်။ ပြည်တန်ဆောင်တိုင်ပွဲတော်၊ ပဲခူးတိုင်းဒေသကြီး (အနောက်) ကုန်စည်ပြပွဲမှာလည်း ပြသရောင်းချခဲ့ပါတယ်။ ဖေဖော်ဝါရီလအတွင်း ကျင်းပပြုလုပ်မည့် နေပြည်တော် MSME ထုတ်ကုန်ပြပွဲတွင်လည်း သွားရောက်ရောင်းချမှာ ဖြစ်ပါတယ်ရှင်။
မေး။ အလုပ်သမားဦးရေနှင့် နေ့စဉ်လုပ်ငန်း လည်ပတ်ဆောင်ရွက်မှုများကိုလည်း ပြောပြပေးပါဦးရှင်။
ဖြေ။ ကျွန်မတို့ဆိုင်မှာ အလုပ်သမား (၆) ဦးရှိပါတယ်။ ဒီ(၆)ဦးနဲ့ပဲ အုပ်စုခွဲပြီး လုပ်ငန်းများ လည်ပတ်အောင် ဆောင်ရွက်နေပါတယ်။ ကျွန်မတို့ဆိုင်ကို နံနက် (၅) နာရီမှ နံနက် (၁၀) နာရီ အချိန်အထိ ဆိုင်စားအနေဖြင့်ဖွင့်လှစ်ရောင်းချပြီး Ready Made စားသောက်ကုန်ပစ္စည်းများကို နံနက်(၅)နာရီမှ ည (၈)နာရီအချိန်ထိ ပိတ်ရက်မရှိ ရောင်းချပေးလျက်ရှိပါတယ်။
မေး။ နိုင်ငံတော်မှ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေများ ထောက်ပံ့ပေးမှုနှင့်ပတ်သက်၍ သက်ဆိုင်ရာဌာနများနှင့် ချိတ်ဆက်မှု၊ လုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်မှုကိုလည်း သိလိုပါတယ်ရှင်။
ဖြေ။ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေအနေဖြင့် ကျပ်သိန်း (၁၀၀)ချေးငွေရရှိခဲ့ပြီး လုပ်ငန်းအတွက် တကယ်လိုအပ်နေသော ပါကင်ပိတ်စက်ကြီးကို ဝယ်ယူနိုင်ခဲ့ပါတယ်ရှင်။ အခုလို ဝယ်ယူ လိုက်တဲ့အတွက် ထုတ်ကုန်များကို လျှင်လျှင်မြန်မြန် ထုတ်နိုင်ပါတယ်။ ယခင်က ပစ္စည်းများ ထုတ်လုပ်ရာတွင် လက်ဖိစက်များနှင့်သာ ထုတ်လုပ်သည့်အခါ အလုပ်မတွင်ကျယ်ဘဲ ဝယ်ယူသူတွေလာတဲ့အခါ လုံလောက်အောင် မရောင်းပေးနိုင်ခဲ့ပါဘူး၊ ယခုလို စက်ကြီး ရရှိလာတဲ့အခါ ပစ္စည်းများလှိုင်လှိုင်ထုတ်နိုင်ပြီး ကိုယ်စားလှယ်များကို Cancel လုပ်စရာမလိုဘဲ ပြည့်ပြည့်ဝဝပေးနိုင်ပြီး လက်လီရောင်းချမှုကိုလည်း ကောင်းမွန်စွာလုပ်ကိုင်ရောင်းချနိုင်ပါတယ်။ ယခုလို နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေများထောက်ပံ့ပေးတဲ့ တာဝန်ရှိသူများကိုလည်း ကျေးဇူးတင်ရှိပါကြောင်း ပြောကြားလိုပါတယ်ရှင်။
မေး။ ဆက်လက်၍ မိမိကိုယ်တိုင် လူငယ်လုပ်ငန်းရှင်ဖြစ်သည့်အတွက် ဒေသထွက်ကုန်များနှင့် စီးပွားရေးလုပ်ငန်းများ စတင်လုပ်ကိုင်မည့် လုပ်ငန်းရှင်လူငယ်များနှင့် ပြည်သူများကိုလည်း အကြံပြုစကားများ ပြောကြားပေးပါဦးရှင်။
ဖြေ။ ကိုယ်ရဲ့ဒေသထွက် စားသောက်ကုန်ပစ္စည်းတွေကို သိတဲ့သူလည်းရှိသလို၊ မသိတဲ့သူလည်း ရှိနိုင်ပါတယ်။ ဒီမြို့၊ ဒီနေရာလေးမှာ ရောင်းနေရတာမျိုး မဟုတ်ဘဲ၊ ရပ်တန့်သွားတာမျိုး မဟုတ်ဘဲနဲ့ ကိုယ်ရဲ့ဒေသထွက် ကုန်ပစ္စည်းတွေကို အခြားနယ်၊ အခြားမြို့တွေက အသိအမှတ်ပြုပြီး ဒေသနဲ့ဝေးတဲ့ နေရာအနှံ့ပို့ပြီးတော့ တိုးချဲ့နိုင်မည်ဆိုရင် စီးပွားရေးတစ်ခုအနေဖြင့်လည်း ကောင်းသလို၊ ကိုယ့်ရဲ့ဒေသထုတ်ကုန်အနေနဲ့လည်း ဂုဏ်ယူစရာကောင်းပါတယ်။ နိုင်ငံ့စီးပွား မြှင့်တင်ရေးလုပ်ငန်းအနေဖြင့်ပူးပေါင်းပြီး FDA အသိအမှတ်ပြုလက်မှတ်ရရှိကာ နိုင်ငံတကာအထိ ဖြန့်ကျက်နိုင်ပြီး နိုင်ငံခြားဝင်ငွေရရှိနိုင်တဲ့ စီးပွားရေးတစ်ခုအနေနဲ့လည်း လုပ်ဆောင်သင့်ကြောင်း ဒေသအသီးသီးက မိတ်ဆွေများကို မျှဝေအကြံပြု ပြောကြားလိုပါတယ်ရှင်။
တွေ့ဆုံမေးမြန်း - ငြိမ်းငြိမ်းသန့် (ပြန်/ဆက်)
ဓာတ်ပုံ - ကိုကိုမင်း (ပြန်/ဆက်)