အခြေခံပညာ အထက်တန်းကျောင်း အ.ထ.က (ဆုံဆည်းမြိုင်)တွင် ပညာရေးစုံညီပွဲတော် ကျင်းပပြုလုပ်

စုကလိ ဇန်နဝါရီ ၁၇

ကရင်ပြည်နယ် မြဝတီခရိုင် စုကလိမြို့ မဲကုလားအုပ်စု ဆုံဆည်းမြိုင် အထူးဒေသ ဆုံဆည်းမြိုင် ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းတွင် ၂၀၂၃- ၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်အား ယမန်နေ့ ညနေ ၄ နာရီအချိန်က အဆိုပါ ကျောင်းဝင်းအတွင်း ကျင်းပပြုလုပ်ခဲ့ပါသည်။

ရှေးဦးစွာ ပညာရေးမိသားစုစုံညီပွဲတော်အား ဒီမိုကရေစီကရင့်အကျိုးပြုတပ်မတော်မှ ဗိုလ်မှူးကြီးစောဖားပလဲ့ အခြေခံပညာအထက်တန်းကျောင်း (ဆုံဆည်းမြိုင်) ကျောင်းအုပ်ဆရာမကြီး ဒေါ်သက်ချို၊ ဒီမိုကရေစီကရင့်အကျိုးပြုတပ်မတော်မှ ဗိုလ်ကြီးဇော်ထွန်း၊ ကျောင်းအကျိုးတော်ဆောင်ဥက္ကဋ္ဌ ဦးဆန်းမင်းဦး၊  ဝါးမီးထကျေးရွာမှ ကျောင်းအကျိုးတော်ဆောင် ဦးဝင်းလှိုင်တို့မှ မင်္ဂလာအချိန်တွင် ဖဲကြိုးဖြတ်၍ဖွင့်လှစ်ပေးခဲ့သည်။

ထို့နောက် ကျောင်းသားသူကျောင်းသူများမှ မြန်မာ့ကျောင်းသီချင်းဖြင့် သီဆိုပေးခဲ့ပြီး၊ ဒီမိုကရေစီကရင့်အကျိုးပြုတပ်မတော်မှ ဗိုလ်မှူးစောဖားပလဲ့မှ ကျေးဇူးတင်အမှာစကား ပြောကြားခြင်း၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်သက်ချိုမှ စုံညီပွဲတော် ကျင်းပပြုလုပ်ရခြင်း အကြောင်းအား ရှင်းလင်းပြောပြီးနောက် ကျောင်းအကျိုးတော်ဆောင်များမှ အသီးသီး ကျေးဇူးတင်စကား ပြောကြားပေးခဲ့သည်။ ဆက်လက်၍ ၂၀၂၃- ၂၀၂၄ ပညာသင်နှစ်တွင် ပညာရေးအားကစား ဘက်စုံထူးချွန်သူများအား ဆုများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြပြီးနောက်  ကျောင်းသူကျောင်းသားလေးများက ဇာတိမာန်သီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့ကြပြီး အခမ်းအနားအား အောင်မြင်စွာ ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

ပိုပိုအောင်