ဘားအံ ဇန်နဝါရီ ၁၇
ပညာရည်မြင့်မားပြီး ကျန်းမာကြံ့ခိုင်၍ အကျင့်စာရိတ္ထကောင်းမွန်သော ဘက်စုံထူးချွန်သည့် လူ့စွမ်းအားအရင်းအမြစ်များပေါ်ထွန်းလာစေရေး ကရင်ပြည်နယ်၊ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ပညာရေးစုံညီပွဲတော်ကို ယမန်နေ့နံနက် ၉ နာရီအချိန်က ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပခဲ့သည်။
ဦးစွာ ကရင်ပြည်နယ်ပညာရေးစုံညီပွဲတော်ကို ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ် တော်တရားသူကြီးချုပ်ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြပြီး စုပေါင်းမှတ် တမ်းဓာတ်ပုံများရိုက်ကူးကာ အမှတ်(၄) အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသူလေးများက Fitness Dance ဖြင့် သရုပ်ပြတင်ဆက်ကြရာ ပြည်နယ်ဝန်ကြီး ချုပ်က ဘင်ခရာ၊ ပန်းပွားနှင့် Fitness Dance အဖွဲ့များအား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့သည်။
ထို့နောက် ကရင်ပြည်နယ်ပညာရေးစုံညီပွဲတော်အခမ်းအနားကို ဆက်လက်ကျင်းပရာ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ကျောင်းသူများက စုံညီပွဲတော်တို့နွဲပျော် တေးသီချင်းဖြင့်သီဆိုဖွင့်လှစ်ပြီး ပြည်နယ်ဝန်ကြီးချုပ်က နိုင်ငံတစ်နိုင်ငံ လူမျိုးတစ်မျိုး၏ ဖွံ့ဖြိုးတိုးတက်မှုနှင့် ယဉ်ကျေးမှုအဆင့်အတန်းမြင့်မားမှုတို့သည် ထိုနိုင်ငံနှင့်လူမျိုး၏ ပညာရေး အခြေအနေပေါ်တွင် များစွာတည်မှီနေပြီး နိုင်ငံတကာအဆင့်မီပညာရည်မြင့်မားသည့် နိုင်ငံသူ နိုင်ငံသားများကသာ မိမိတို့၏ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုနှင့် ယဉ်ကျေးမှုအဆင့်အတန်းမြင့်မားမှုများကို ဖော်ဆောင်ပေးနိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် ကျောင်းသား၊ကျောင်းသူလူငယ်များကို နိုင်ငံတော်မှအားထားရမည့် လူ့စွမ်းအားအရင်းအမြစ်များခိုင်ခိုင်မာမာ ဖြစ်ထွန်းလာစေရေး အခြေခံပညာကျောင်းများမှစပြီး ထူးချွန်ထက်မြတ်သည့် အရည်အသွေးများပြည့်ဝစေရန် လေ့ကျင့်ပျိုး ထောင်ပေးလျက်ရှိကြောင်း၊ ယနေ့ ဆုလက်ခံယူကြမည့် ကျောင်းသား၊ကျောင်းသူများသည် ပညာရေးမြှင့်တင်မှုအစီအစဉ်မှ မွေးထုတ်လိုက်သည့် မျိုးဆက်သစ်ထူးချွန်သူ လူငယ်များဖြစ်သည်နှင့်အညီ ကာယ၊ ဉာဏ၊ စာရိတ္တနှင့် အသက်မွေးဝမ်းကြောင်းဆိုင်ရာ ဘက်စုံပညာပြည့်ဝသူများ၊ မြန်မာ့ရိုးရာယဉ်ကျေးမှုအစဉ်အလာများနှင့် အမျိုးသားရေးစရိုက်လက္ခဏာများကိုထိန်းသိမ်းမြှင့်တင်ပေးနိုင်မည့် ပညာရည်မြင့်မားသူများအဖြစ် နိုင်ငံနှင့်လူမျိုးအကျိုးစီးပွားအတွက် ပိုင်ပိုင်နိုင်နိုင်အကျိုးရှိရှိ အသုံးချနိုင်မယ့်နိုင်ငံ့ သားကောင်းသမီးမွန်များဖြစ်အောင် ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားကြစေလိုကြောင်း ပြောကြားသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်များနှင့် ပြည်နယ်ပညာရေးမှူးရုံးမှ ညွှန်ကြားရေးမှူးတို့က ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးပြက္ခဒိန်ပါ ဗဟိုအဆင့်နှင့်ပြည်နယ်အဆင့် ပြပွဲ၊ပြိုင်ပွဲများတွင် ဆုရရှိကြသူများအား ဘက်စုံပညာထူးချွန်ဆုစုစုပေါင်း(၇၇)ဆုကို ပေးအပ်ချီးမြှင့်ခဲ့ကြပြီး အခြေခံပညာကျောင်းများနှင့် ကိုယ်ပိုင်ကျောင်းများမှ ကျောင်းသား၊ကျောင်းသူများက တေးသီချင်းများဖြင့် သရုပ်ပြဖျော်ဖြေ တင်ဆက်ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ ဝင်များသည် ကျောင်းသားမိဘများ၊ ကျောင်းသား၊ကျောင်းသူ၊ဆရာ၊ဆရာမများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများပြောကြားပြီး အခြေခံပညာကျောင်းများ၏ သိပ္ပံလက်တွေ့ နှင့် အိမ်တွင်းမှုလှုပ်ရှားမှုများအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။
အလားတူ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့်မိတ်ဖက်အဖွဲ့အစည်းများပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ မျိုးစိတ်အသစ်များအားကာကွယ်နိုင်ရန် ထပ်ဆောင်းကာကွယ်ဆေး Pfizer များကို မြို့ပေါ် ရပ်ကွက်များရှိ သတ်မှတ် စုရပ်များတွင် ဦးတည်အုပ်စုများအလိုက် ထိုးနှံပေးလျက်ရှိရာ ပြည်နယ် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံမြို့၊ အမှတ်(၁)ရပ်ကွက်၊ သုမေဓါရာမကြားတောရကျောင်းတိုက် ဓမ္မာရုံ၌ ထပ်ဆောင်းကာကွယ်ဆေးထိုးနှံပေးနေမှုအခြေ အနေများအား သွားရောက်ကြည့်ရှု အားပေးခဲ့ကြသည်။
ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ထပ်ဆောင်းကာကွယ်ဆေးမထိုးနှံမီ လိုအပ်သည့်ကျန်းမာရေး စစ်ဆေးမှုခံယူနေမှုများ၊ ကာကွယ်ဆေးထိုးနှံပေးနေမှုများ၊ ကာကွယ်ဆေးထိုးပြီး ခေတ္တခဏ စောင့်ဆိုင်းနေစေသည့်အခြေအနေများကို လှည့်လည်ကြည့်ရှုအားပေးပြီး ပြည်နယ်ဝန်ကြီးချုပ်က ကာကွယ်ဆေးထိုးနှံပေးနေသည့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများနှင့် ကြက်ခြေနီသူနာပြုတပ်ဖွဲ့အတွက် ငွေကျပ်(၅)သိန်း(၅)သောင်းကို ထောက်ပံ့ ပေးအပ်ခဲ့သည်။
ဘားအံမြို့တွင် ပြည်နယ်ပြည်သူ့ဆေးရုံကြီး(ဘားအံ)၊ သုမေဓါရာမကြားတောရကျောင်းတိုက်၊ ပြည်နယ်အစိုးရအဖွဲ့ရုံး၊ မြို့နယ်စုပေါင်းရုံးတို့တွင် စုရပ်များသတ်မှတ်၍ အသက်(၅၀)နှစ်အထက် နိုင်ငံ့ဝန်ထမ်းများ၊ အသက် (၆၅)နှစ်နှင့်အထက်ပြည်သူလူထုများ၊ အသက်(၁၈)နှစ်နှင့်အထက် နာတာရှည်ရောဂါရှိသူများနှင့်ကိုယ်ခံအား ကျဆင်းသည့်ရောဂါရှိသူများ၊ ကိုယ်ဝန်ဆောင်မိခင်များ၊ ကျန်းမာရေးဝန်ထမ်းများအား ဦးစားပေးထိုးနှံပေးလျက်ရှိကြောင်းနှင့် တိုးချဲ့ထိုးနှံပေးသွားမည် ဖြစ်ကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)