ရှမ်းရွာသစ် ဇန်နဝါရီ ၁၇
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ကျောင်းသား/သူများ မူးယစ်ဆေးဝါးအန္တရာယ်နှင့် ပတ်သက်၍ အသိပညာဗဟုသုတရရှိစေရန်နှင့် မူးယစ်ဆေးဝါးသုံးစွဲခြင်းမှ ရှောင်ကြဉ်စေရန် ရည်ရွယ်၍ ယနေ့နံနက် ၉ နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ် စာစောင်ပြပွဲကို ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူးဒေါ်ဇင်မိုးအေးက ၁၉ ရာစု နှောင်းပိုင်းတွေ့ရှိရသော မူးယစ်ဆေးဝါးအမျိုးအစားများ၊ မူးယစ်ဆေးဝါးဟူသည်၊ မူးယစ်ဆေးဝါးသုံးစွဲခြင်းဖြင့် ဖြစ်ပေါ်နိုင်သော စိတ်ပိုင်းဆိုင်ရာထိခိုက်မှု၊ ခန္ဓာကိုယ်ပိုင်းဆိုင်ရာ ထိခိုက်မှု၊ လူမှုရေးပိုင်းဆိုင်ရာထိခိုက်မှုနှင့် မူးယစ်ဆေးဝါးဆိုင်ရာ ပြစ်မှု/ပြစ်ဒါဏ်များကို ကျောင်းသား/သူများအား အသိပညာပေးဟောပြောခဲ့သည်။
ထို့နောက် မူးယစ်ဆေးဝါးအန္တရာယ်နှင့်ပတ်သက်၍ အသိပညာပေးအကြောင်းအရာများကို အကျယ်တဝင့် သိရှိစေရေးအတွက် နံရံကပ်စာစောင်များ ပြသဆောင်ရွက်ထားမှုကို ကျောင်းသား/သူကလေးငယ်များက စိတ်ဝင်စားစွာကြည့်ရှုလေ့လာ မှတ်သားခဲ့ကြောင်း သိရသည်။
ဇင်လေး(ပြန်/ဆက်)