ရေနံချောင်း ဇန်နဝါရီ ၁၇
ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာဦးစီးဌာန ရေနံချောင်းတက္ကသိုလ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပထမနှစ်တက်ရောက်မည့် မောင်မယ်သစ်လွင်များကြိုဆိုပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အဆိုပါတက္ကသိုလ်ပတ္တမြားခန်းမ၌ ကျင်းပရာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့်တာဝန်ရှိသူများ တက်ရောက်သည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် ဝန်ကြီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် တာဝန်ရှိသူများ၊ ရေနံချောင်းတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာချိုချိုမြင့်နှင့် ဆရာ ဆရာမများက ပျော်ပွဲရွှင်ပွဲများအနေဖြင့် ခင်းကျင်းပြသထားသည့် ဘာသာရပ်ဆိုင်ရာပြခန်းများကို လှည့်လည်ကြည့်ရှုအားပေးသည်။
ထို့နောက် ရေနံချောင်းတက္ကသိုလ် ပတ္တမြားခန်းမတွင် မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားကျင်းပရာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် သီရိပျံချီ ဦးတင့်လွင်က ကြိုဆိုနှုတ်ခွန်းဆက်ဩဝါဒစကား ပြောကြားသည်။ ယင်းနောက် ရေနံချောင်းတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာချိုချိုမြင့်က လမ်းညွှန်အမှာစကားပြောကြားကာ ကျောင်းသားရေးရာဌာန မော်ကွန်းထိန်း ဦးကိုကိုဦးက ကျောင်းစည်းကမ်းဆိုင်ရာများကိုလည်းကောင်း၊ ဝိဇ္ဇာဘာသာရပ်ဆိုင်ရာအားလုံးအတွက် ပါမောက္ခ(ဌာနမှူး)တစ်ဦးက ဝိဇ္ဇာဘာသာရပ်ဆိုင်ရာများကိုလည်းကောင်း၊ သိပ္ပံဘာသာရပ်ဆိုင်ရာအားလုံးအတွက် ပါမောက္ခ(ဌာနမှူး)တစ်ဦးက သိပ္ပံဘာသာရပ်ဆိုင်ရာများ ကိုလည်းကောင်း အသီးသီးရှင်းလင်းပြောကြားသည်။
ယင်းနောက် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ပေါင်းစုံအားကစားပြိုင်ပွဲ ပြေးခုန်ပစ်၊ တန်းမြင့်ခုန် ဒုတိယဆုရရှိသည့် ဓာတုဗေဒဘာသာရပ်မှ မောင်ဖုန်းနိုင်လင်းအား ဂုဏ်ပြုလွှာနှင့် ဂုဏ်ပြုဆုကိုလည်းကောင်း၊ ပါဝင်ဖျော်ဖြေကြသည့် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုငွေများကိုလည်းကောင်း တိုင်းဒေသကြီးဝန်ကြီးချုပ် သီရိပျံချီဦးတင့်လွင်က ပေးအပ်ချီးမြှင့်သည်။
ဆက်လက်၍ ယာဉ်စည်းကမ်း လမ်းစည်းကမ်းလိုက်နာရေး အသိပညာပေးဟောပြောပွဲ ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားပြီး မကွေးတိုင်းဒေသကြီး အမှတ်(၄)ယာဉ်ထိန်းရဲ ဒုတပ်ဖွဲ့ခွဲမှူးရုံး ဒုရဲမှူး မင်းလွင်က ယာဉ်စည်းကမ်း လမ်းစည်းကမ်းဆိုင်ရာ သိကောင်းစရာများကို ပရိုဂျက်တာဖြင့် ရှင်းလင်းဟောပြောသည်။
အခမ်းအနားတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မောင်မယ်သစ်လွင်များအား ကြိုဆိုသောအားဖြင့် ဘာသာရပ်ပေါင်းစုံ အတန်းကြီးကျောင်းသား၊ ကျောင်းသူများက မြကျွန်းညိုညိုတက္ကသိုလ်၊ လောကအားမာန်၊ မလေးလက်ခတ်သံ၊ ဦးရွှေရိုး ဒေါ်မိုးအက စသည့်ဖျော်ဖြေရေး အစီအစဉ်များဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)