နတ်မောက်မြို့နယ်တွင် လေပြင်းဘေးကြိုတင်ကာကွယ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

နတ်မောက် ဇန်နဝါရီ ၁၇

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ မြို့နယ်အတွင်း လေပြင်းဘေးကြိုတင်ကာကွယ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်(၁၀)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးအစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူးရဲမှူး တင်ကိုကိုက“ သဘာဝဘေးအန္တရာယ်ဆိုင်ရာကိစ္စရပ်များ ပေါ်ပေါက်လာပါက သဘာဝဘေးမဖြစ်ပွားမီ၊ သဘာဝဘေးဖြစ်ပွားနေစဉ်နှင့် ဘေးဖြစ်ပွားပြီး ဆောင်ရွက်ရမည့်လုပ်ငန်းများ၊ နတ်မောက်မြို့နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဖွဲ့စည်းထားရှိပြီး၊ လုပ်ငန်းကော်မတီများအလိုက် လုပ်ငန်းတာဝန်များ ချမှတ်ဆောင်ရွက်လျက်ရှိကြောင်း၊ စသည့်အကြောင်းအရာများကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန  ဦးစီးအရာရှိ ဦးသက်နိုင်ဝင်းက  လေပြင်းဘေး ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းဖြင့် သဘာဝဘေးအန္တရာယ်များကို ကြံ့ကြံ့ခံနိုင်ပြီး လူမှုအသိုက်အဝန်းဖြစ်ပေါ်စေသလို ဘေးမဖြစ်ခင် ကြိုတင်ပြုလုပ်ခြင်းဖြစ်သည့်အတွက် ဘေးဒဏ်ခံစားရနိုင်သည့် ပြည်သူများအတွက် ပိုမိုကောင်းမွန်တဲ့ လူမှုဘဝရရှိနိုင်စေကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ ဌာနဆိုင်ရာများ၊ ပရဟိတအဖွဲ့များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများက မြို့နယ်အတွင်း လေပြင်းဘေး ကြိုတင်ကာကွယ်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ ဆပ်ကော်မတီများအလိုက် ဆောင်ရွက်ရမည့်လုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်သွားမည့် အခြေအနေများကို အသီးသီးဆွေးနွေးခဲ့ကြကြောင်း သိရသည်။

လှဝင်း