နတ်မောက် ဇန်နဝါရီ ၁၇
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ နတ်မောက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၁၆-၂၀၁၇ခု ဘဏ္ဍာရေးနှစ်မှစတင်၍ မြစိမ်းရောင်ကျေးရွာစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်သည့် န/ကျားထူးကျေးရွာ ကော်မတီအသစ်ပြန်လည် ဖွဲ့စည်းခြင်းအခမ်းအနားကို ဇန်နဝါရီ ၁၆ ရက် နေ့လယ် ၁:၀၀ နာရီအချိန်က န/ကျားထူးကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ သွားရောက်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်ဦးစီးမှူး ဦးစိုးလင်းထွဋ်မှ မြစိမ်းရောင်ကျေးရွာ စီမံကိန်း၏ ရည်ရွယ်ချက်များ၊ လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။ ဆက်လက်၍ မြို့နယ်ဦးစီးမှူး ဦးစိုးလင်းထွဋ်နှင့် စီမံကိန်းတာဝန်ခံဝန်ထမ်းများက ကော်မတီအသစ်ဖွဲ့စည်းခြင်း၊ လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်ခြင်းများနှင့်ပတ်သက်၍ ဆွေးနွေးပြောကြားပြီး တက်ရောက်လာသော ကျေးရွာသူ၊ ကျေးရွာသားများ၏ သဘောဆန္ဒနှင့်အညီ ကော်မတီဝင်များအား တစ်ဦးချင်းမဲပေး၍ ရွေးချယ်ဖွဲ့စည်းခဲ့ကြောင်း သိရသည်။ နတ်မောက်မြို့နယ်အနေဖြင့် ယခုဘဏ္ဍာနှစ်တွင် န/ကျားထူးကျေးရွာအား မြစိမ်းရောင်စီမံကိန်း မတည်ရန်ပုံငွေကျပ် သိန်း(၅၂၇)ဖြင့် တစ်ပိုင်တစ်နိုင် စိုက်ပျိုးရေး၊ မွေးမြူရေး၊ မီးလင်းရေး၊ အရောင်းအဝယ်၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နတ်မောက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစိုးလင်းထွဋ်မှ ပြောကြား၍ သိရသည်။
မူမူစန်း