တောင်တွင်းကြီး ဇန်နဝါရီ ၁၇
နိုင်ငံတော်မှ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရန်၊ နိုင်ငံတကာနှင့်အညီ ပညာရေးကဏ္ဍကို အထူးအလေးပေးဖော်ဆောင်ပေးလျက်ရှိရာ ကျောင်းသား၊ ကျောင်းသူများ ကျောင်းစာအပြင် ပြင်ပစာပေဗဟုသုတများ ကြွယ်ဝစေရန်၊ လူငယ်လူရွယ် ကျောင်းသား၊ ကျောင်းသူများအား ဘက်စုံထူးချွန်ဖွံ့ဖြိုးတိုးတက်စေရန်၊ ဘဝရည်မှန်းချက်ပန်းတိုင်များ ကောင်းမွန်စွာ လျှောက်လှမ်းနိုင်ကြစေရန် ရည်ရွယ်၍ မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(community centre)တွင် ယမန်နေ့ နေလယ် (၁) နာရီခွဲက စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်စွမ်းရည်ပြိုင်ပွဲကို ကျင်းပခဲ့သည်။
ရှေ့ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ဝင်းမေထွန်းက စာဖတ်ခြင်း၏ အကျိုးကျေးဇူး၊ စာဖတ်ခြင်းဖြစ်ရရှိနိုင်သည့် အသိပညာဗဟုသုတများ၊ အတွေးအမြင်များ၊ အတွေးအခေါ်များ စာဖတ်သည့်အလေ့အထများ ဖြစ်ပေါ်စေရန်အတွက် ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
အဆိုပါပြိုင်ပွဲသို့ မြို့မအခြေခံပညာအလယ်တန်းကျောင်းမှ Grade-4 ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ပြီး ကင်းထောက်အဖွဲ့၊ ရန်ကုန်စာတိုက်ကြီး၊ နိုင်ငံပိုင်သတင်းစာ၊ အ.ထ.က(၁) လမ်းမတော်စသည့် ခေါင်းစဥ်များကို မဲဖောက်၍ မိမိမဲပေါက်သည့် ခေါင်းစဥ်များဖြစ် စာဖတ်စွမ်းရည်ကို Grade-4 ကျောင်းသား/ကျောင်းသူ(၉)ဦးတို့က ပါဝင်ယှဥ်ပြိုင်ခဲ့ကြပြီး ဆုရရှိသည့် ကျောင်းသား/ကျောင်းသူများအား ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
အဆိုပါပြိုင်ပွဲတွင် တက်ရောက်လာကြသည့် အခြေခံပညာအလယ်တန်းကျောင်း(မြို့မ)မှ Grade-4 ကျောင်းသား၊ ကျောင်းသူများက မြို့နယ်ပြည်သူ့စာကြည့်တိုက်တွင် ခင်းကျင်းပြသထားသည့် စာအုပ်စာစောင်များ၊ အသိပညာပေး ရုပ်ပြပန်းချီများ၊ နံရံကပ်စာစောင်များ၊ ပြတိုက်ငယ်(minimuseum)နှင့် တောင်တွင်းကြီးမြို့နယ်အတွင်းရှိ အထင်ကရ မှတ်တမ်းဓာတ်ပုံများကို စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။
ရန်နောင်စိုး(ပြန်/ဆက်)