ငဖဲမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးဟောပြောပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲ ကျင်းပ

ငဖဲ  ဇန်နဝါရီ ၁၇

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ငဖဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး ပြည်သူ့စာကြည့်တိုက်ခန်းမတွင် အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတတိုးပွားစေရန်နှင့် စာဖတ်ရှိန်မြှင့်တင်ရန် ရည်ရွယ်၍  အသိပညာပေးဟောပြောပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲကို ယနေ့ နံနက် ၉ နာရီက ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ငဖဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ယုယုသိန်းက ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတတိုးပွားစေရေး စာအုပ်စာစောင်များကို လေ့လာဖတ်ရှုကြရန်၊ စာပေဖတ်ရှုခြင်းဖြင့် အချိန်ကို အကျိုးရှိစွာ အသုံးချတတ်ပြီး အမှားအမှန်၊ အကောင်းအဆိုးကို ဝေဖန်ပိုင်းခြင်းနိုင်မည်ဖြစ်ကြောင်းပြောကြား၍ ဒုတိယဦးစီးမှူး ဒေါ်မြတ်မြတ်မော်က စာဖတ်ခြင်း၏အကျိုးကျေးဇူးများနှင့် ငါးသုံးကောင်ပုံပြင်ကို အသိပညာပေးပြောကြားပြီး စာဖတ် စွမ်းရည်ပြိုင်ပွဲကျင်းပရာ ငဖဲမြို့အခြေခံပညာအထက်တန်းကျောင်းမှ Grade-3 ကျောင်းသား/သူ (၂၃)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြ၍ ဆုရရှိသူများအား အမှတ်တရဆုလက်ဆောင်ပစ္စည်းများ ပေးအပ်ချီးမြှင့်ပြီး ပြိုင်ပွဲဝင်ကြသည့် ကလေးငယ်များအား မုန့်များ ဝေငှပေးခဲ့သည်။

ပြိုင်ပွဲများအပြီးတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးမှ ပြသထားရှိသော လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေး၊ ကလေးအလုပ်သမားပပျောက်ရေးနှင့် မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင်များကို ကျောင်းသား/သူလေးများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

မယု(ငဖဲ)