ဆင်ပေါင်ဝဲ ဇန်နဝါရီ ၁၇
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် အမှတ်(၁) အခြေခံပညာမူလတန်းလွန်ကျောင်းမှ ကြီးမှူးကျင်းပသည့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ဘက်စုံထူးချွန်ဆုရ ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုပေးအပ်ချီးမြှင့်ခြင်း အခမ်းအနားကို ယမန်နေ့ နေ့လယ် ၁ နာရီ အချိန်က မြို့နယ်ပညာရေးမှူးရုံး ဘက်စုံသုံးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ဆင်ပေါင်ဝဲမြို့နယ် ဒုတိယပညာရေးမှူး ဦးကံရှိန်နှင့် အမှတ်(၁) အုပ်ချုပ်ရေးမှူး ဦးသန်းဦးတို့က အမှာစကားပြောကြားပြီး အမှတ်(၁) အခြေခံပညာမူလတန်းလွန်ကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးသိန်းမြင့်က ပညာရေးကဏ္ဍ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်နှင့် ကျောင်းသား၊ ကျောင်းသူများ ပညာရည်ဘက်စုံထူးချွန်ထက်မြက်စေရန်အတွက် ဆရာ၊ မိဘ ပူးပေါင်းဆောင်ရွက်ရမည့်ကိစ္စရပ်များ ပညာရေးစုံညီပွဲတော် ကျင်းပပြီး ထူးချွန်ဆုရ ကျောင်းသား၊ ကျောင်းသူများကို ဂုဏ်ပြုဆုပေးအပ်ချီးမြှင့်ပေးရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ကျောင်းအုပ်ဆရာကြီးနှင့် တာဝန်ရှိသူများက ကျောင်းတွင်း စွမ်းရည်ပြိုင်ပွဲများနှင့် ကာယ၊ ဉာဏ ဘက်စုံထူးချွန်ဆုရရှိသော ကျောင်းသား/ကျောင်းသူများကို တစ်ဦးချင်းအလိုက်ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြပြီး ကျောင်းသား/ကျောင်းသူများက တက်ရောက်လာသူများကို တေးသီချင်း အကပဒေသာများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြကြောင်း သိရသည်။
အဆိုပါ အခမ်းအနားသို့ ဆင်ပေါင်ဝဲမြို့နယ် အမှတ်(၁) အခြေခံပညာမူလတန်းလွန်ကျောင်းမှ ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ၊ ဆရာမများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ကျောင်းဖွံ့ဖြိုးရေးကော်မတီဝင်များ၊ ကျောင်းသားမိဘများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ခန့်ဝင်း(ဆင်ပေါင်ဝဲ)