မင်းဘူး ဇန်နဝါရီ ၁၇
မကွေးတိုင်းဒေသကြီး မင်းဘူးမြို့၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲအခမ်းအနားကို ယမန်နေ့၊ နေ့လယ် ၁ နာရီက မင်းဘူးမြို့ (အ.ထ.က-၁) အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဦးစွာ Grade -9 မှ ကျောင်းသား၊ ကျောင်းသူလေးများက “ကြိုဆိုပါသည် စုံညီပွဲတော်” သီချင်းဖြင့် သီဆိုဖျော်ဖြေဖွင့်လှစ်ခဲ့ပြီး၊ မြို့နယ်ပညာရေးမှူး ဆရာမကြီး ဒေါ်သွယ်သွယ်က အဖွင့်အမှာစကားပြောကြားကာ မင်းဘူးမြို့ အ.ထ.က(၁)မှ ကျောင်းအုပ်ဆရာကြီး ဦးခိုင်မင်းအောင်က ပညာရေးစုံညီပွဲတော် ကျင်းပပေးရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။
ထို့နောက် မြို့နယ်အဆင့်၊ ခရိုင်အဆင့်၊ ဗဟိုအဆင့် စာပေနှင့် အားကစားဆုရ ကျောင်းသား၊ ကျောင်းသူလေးများအား မြို့နယ်ပညာရေးမှူး ဆရာမကြီး ဒေါ်သွယ်သွယ်၊ ကျောင်းအုပ်ဆရာကြီး ဦးခိုင်မင်းအောင်နှင့် တာဝန်ရှိသူများက ဆုပေါင်း ၁၈၅ ဆုတို့အား အသီးသီးပေးအပ်ချီးမြှင့်ခဲ့ပြီး၊ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူလေးများက တေးသီချင်းများဖြင့် ဧည့်ခံဖျော်ဖြေခဲ့ကြကြောင်း သိရသည်။
ဇေယျာထက်(မင်းဘူး)