ပခုက္ကူမြို့ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်ရေးရာဟောပြောပွဲနှင့် အသိပညာပေးနံရံကပ်စာစောင်ပြပွဲ ကျင်းပ

ပခုက္ကူ ဇန်နဝါရီ ၁၇

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသား၊ ကျောင်းသူများ ကျောင်းသင်ခန်းစာအပြင် ပြင်ပစာပေများလေ့လာသိရှိခြင်းဖြင့် အသိပညာဗဟုသုတများတိုးပွားလာစေရေး၊ ဗလငါးတန်ပြည့်စုံကြွယ်ဝပြီး ဘက်စုံထူးချွန်ထက်မြက်သည့် လူငယ်များဖြစ်လာစေရေးတို့အတွက် ရည်ရွယ်ကာ ယမန်နေ့နံနက် ၁၀ နာရီအချိန်က လူငယ်ရေးရာဟောပြောပွဲနှင့် အသိပညာပေးနံရံကပ်စာစောင်ပြပွဲကို ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ပခုက္ကူမြို့၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ကြီး ဒေါ်သင်းသင်းဇော်က ကျောင်းသား၊ ကျောင်းသူလူငယ်များ၏ အသိပညာ၊ အတတ်ပညာနှင့် ကျင့်ဝတ်တန်ဖိုးများအပါအဝင် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်လာစေရေး၊ ဘက်စုံထူးချွန်ထက်မြက်သော မျိုးဆက်သစ်လူ့စွမ်းအားအရင်းအမြစ်များ ဖော်ထုတ်ပေးနိုင်ရေးရည်ရွယ်၍ အသိပညာပေးဟောပြောပွဲ ကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး ပခုက္ကူခရိုင် ပြန်ကြားနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ချိုချိုမာက “လူငယ်နှင့်အောင်မြင်ရေး၊ လူငယ်နှင့်စဉ်းစားတွေးခေါ်နိုင်မှု၊ လူငယ်နှင့်မူးယစ်ဆေးဝါးအန္တရာယ်” အကြောင်းတို့ကိုလည်းကောင်း၊ ဦးစီးအရာရှိ ဦးမျိုးမြင့်အောင်က “မိဘနှင့်သား/သမီးကြားထားရှိရမည့် ဂါရဝတရားများ၊ ဆရာနှင့် တပည့်ကြား ထားရှိရမည့် ဂါရဝတရားများ၊ လူငယ်များလိုက်နာကျင့်သုံးရမည့် ကျင့်ဝတ်ငါးဖြာ”အကြောင်းတို့ကိုလည်းကောင်း အသိပညာပေး ဟောပြောကြသည်။

ထို့နောက် ကျောင်းသား၊ ကျောင်းသူများအား မြန်မာ့ရိုးရာစကားထာနှင့် စကားပုံများနှင့်ပတ်သက်သည့် ဉာဏ်စမ်းပဟေဠိမေးခွန်းများ ဆန်းစစ်မေးမြန်းကြပြီး အဖြေမှန်ရရှိသူများကို တာဝန်ရှိသူများက ဂုဏ်ပြုအမှတ်တရလက်ဆောင်များ ပေးအပ်ချီးမြှင့်ကြသည်။

ဆက်လက်၍ ပခုက္ကူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မူးယစ်ဆေးဝါးအန္တရာယ်၊ ပလတ်စတစ်လျော့ချသုံးစွဲရေး၊ ဗိုလ်ချုပ်အောင်ဆန်းမိန့်ခွန်းကောက်နုတ်ချက်များဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်များပြသရာ ပခုက္ကူမြို့၊ အမှတ်(၃)အခြေခံပညာကျောင်း၊ ကျောင်းအုပ်ကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ဘာမီသာ(ပခုက္ကူ)