ပေါင်းတည်၌ ကျေးရွာအခြေခံပညာမူလတန်းကျောင်းများတွင် စားသုံးသူရေးရာအသိပညာပေးဟောပြော

ပေါင်းတည် ဇန်နဝါရီ ၁၆

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ယနေ့နံနက် ၁၀ နာရီတွင် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနက ဘိုးသာအောင်ကုန်းကျေးရွာအုပ်စုအတွင်းရှိ အခြေခံပညာမူလတန်းကျောင်းများတွင် စားသုံးသူရေးရာသိကောင်းစရာ ဟောပြောပွဲများ လှည့်လည်ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဟောပြောပွဲများကို မြို့နယ်အခြေခံပညာဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့နှင့် ပူးပေါင်းကျင်းပခဲ့ပြီး မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ တာဝန်ခံဦးနိုင်ဝင်းသိန်းက ကျောင်းသား၊ ကျောင်းသူလူငယ်ကလေးများအနေဖြင့် အာဟာရဖွံ့ဖြိုးဉာဏ်ရည်တိုးစေရန်၊ ကျန်းမာရေးကိုအထောက်အကူပြုသောအစားအစာများကို ရွေးချယ်စားသောက်တတ်စေရန်ရည်ရွယ်၍ စားသုံးရန်မသင့်သည့် မုန့်ပဲသရေစာနှင့်အစားအသောက်များအကြောင်းနှင့် အစားအသောက်ကုန်ပစ္စည်းများမှ ကုန်ညွှန်းအမှတ်အသားများကို အသိပညာပေးကာ နမူနာပုံစံများနှင့်တကွ ပြသဟောပြောခဲ့ကြောင်း သိရသည်။

သူရကြီး(ပြန်/ဆက်)