ပဲခူး ဇန်နဝါရီ ၁၆
ပဲခူးတက္ကသိုလ်၌ ဇန်နဝါရီလ(၁၆)ရက်နေ့ နံနက်ပိုင်းက ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပဲခူးတက္ကသိုလ်မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်ခဲ့သည်။
ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းက တက္ကသိုလ်တစ်ခုဆိုတာ နိုင်ငံ၏တန်ဖိုးမဖြတ်နိုင်သည့် ရတနာတစ်ခုဖြစ်ပြီး သာယာဝပြော၍ ငြိမ်းချမ်းသောအနာဂတ်လူ့ဘောင်ကို တည်ထောင်နိုင်ဖို့ ထူးချွန်ထက်မြတ်ပြီး ပညာရည်ပြည့်ဝသည့် လူ့စွမ်းအားအရင်းအမြစ်တွေကို ဖော်ထုတ်ပေးနေသည့် နေရာတစ်ခုဖြစ် ကြောင်း၊ တက္ကသိုလ်တွင် ဘာသာရပ်ဆိုင်ရာ ပညာရပ်အသီးသီးကို ပို့ချသင်ကြားပေးရုံသာမက အကျင့်စာရိတ္တကောင်းမွန်သည့် ပညာတတ်နိုင်ငံ့သားကောင်းရတနာများကို မွေးထုတ်ပေးလျက်ရှိသည်နှင့်အညီ မောင်တို့/မယ်တို့အနေဖြင့် ဉာဏ်ရည်ထက်မြက်ပြီး စဉ်းစားတွေးခေါ်မှုမြင့်မားသော အသိပညာအတတ်ပညာရှင်များဖြစ်အောင် ကြိုးစားကြစေလိုကြောင်း၊ တက္ကသိုလ်၏ လှုပ်ရှားမှုများဖြစ်သော အားကစား၊ စာပေ၊ ဂီတအနုပညာ၊ ကြက်ခြေနီစသည့် ကဏ္ဍပေါင်းစုံမှာ မောင်မယ်တို့အားလုံး ဝါသနာပါရာအလိုက် ဆောင်ရွက်ရင်းမှ တစ်ယောက်နှင့်တစ်ယောက် ပူးပေါင်းဆောင်ရွက်တတ်မှု၊ စည်းလုံးမှု၊ ချစ်ခင်ရင်းနှီးမှုစသည့် အခြေခံစိတ်ဓာတ်ကောင်းများ တိုးတက်လာမှာဖြစ်ကြောင်း၊ မောင်မယ်များအနေဖြင့် ဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်တည်ဆောက်ရာမှာ ဗလငါးတန်နှင့် ပြည့်စုံပြီး ပညာရည်၊ လက်ရုံးရည်၊ နှလုံးရည်ပြည့်ဝပြီး အတွေးအခေါ် မှန်ကန်ရင့်ကျက်သည့် အနာဂတ်ခေါင်းဆောင်များဖြစ်အောင် ကြိုးစားဆောင်ရွက်ရင်း မိမိတက္ကသိုလ် ကောင်းကျိုး၊ တိုင်းဒေသကြီးကောင်းကျိုး၊ နိုင်ငံ့ကောင်းကျိုးများအား တတ်စွမ်းသမျှ ကြိုးစားဆောင်ရွက်ကြစေလိုကြောင်း ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားခဲ့သည်။
ထို့နောက် ပဲခူးတက္ကသိုလ်ပါမောက္ခချုပ်ဆရာမကြီး ဒေါက်တာအေးအေးခိုင်က တက္ကသိုလ်အကြောင်း သိကောင်းစရာများအား မိတ်ဆက်ရှင်းလင်းပြောကြားခဲ့သည်။ ၎င်းနောက် တက္ကသိုလ်တွင် သင်ကြားပို့ချသွားမည့် ဝိဇ္ဇာဘာသာရပ်(၈)ခုနှင့် သိပ္ပံဘာသာရပ်(၆)ခုတို့၏ သိမှတ်ဖွယ်ရာများအား သက်ဆိုင်ရာပါမောက္ခများက ရှင်းလင်းပြောကြားခဲ့ကြသည်။
ယင်းနောက် တက္ကသိုလ်ကျောင်းသား/သူများက “မြကျွန်းညိုညိုတက္ကသိုလ်”၊ “ထာဝရမြန်မာ”၊ ဗုဒ္ဓပူဇနိယ”၊ “ရှမ်းနှစ်သစ်ကူးပွဲတော်”စသည့် တေးသီချင်းများဖြင့် ကပြဖျော်ဖြေတင်ဆက်ခဲ့ကြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းက ဂုဏ်ပြုဆုငွေများ ပေးအပ်ခဲ့သည်။
ထို့နောက် ပဲခူးတက္ကသိုလ်သို့ ပထမနှစ်တက်ရောက်သင်ကြားမည့် မောင်/မယ်များအား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက် အားပေးစကားပြောကြားခဲ့ပြီး ဘာသာရပ်အလိုက် ခင်းကျင်းပြသထားသည့် သရုပ်ပြခန်းများအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိသည်။
သက်ဖြိုးကြိုင်(ပြန်/ဆက်)