မြိတ်မြို့နယ်၏ ၂ဝ၂၃-၂ဝ၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပ

မြိတ်   ဇန်နဝါရီ   ၁၆

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်၏ ၂ဝ၂၃-၂ဝ၂၄ ပညာသင်နှစ်ပညာရေးစုံညီပွဲတော်ကို ယနေ့နံနက်ပိုင်းက အ.ထ.က(၁)မြိတ် ပညာ့ဗိမာန်ခန်းမတွင် စည်ကားသိုက်မြိုက်စွာကျင်းပရာ စုံညီပွဲတော်ကို အ.ထ.က(၃)မြိတ် GRADE-11 ကျောင်းသား၊ ကျောင်းသူများက “ ကမ္ဘာ့အဆင့်မီ ပညာရေး” သီချင်းဖြင့် သီဆိုဖွင့် လှစ်ခဲ့ကြသည်။

စုံညီပွဲတော်ကို ထူးချွန်ထက်မြက်၍ ဘက်စုံဖွံ့ဖြိုးတိုးတက်သော ကျောင်းသား/သူများ ပေါ်ထွန်းလာစေရန်၊ (၂၁)ရာစုတွင် ဖြစ်ပေါ်နေသည့် ပညာခေတ်၌ ပညာကို စဉ်ဆက်မပြတ်လေ့လာ ဆည်းပူးနေသော ကျောင်းသား/သူများပေါ်ပေါက်လာစေရန်၊ ပညာခေတ်တွင် မရှိမဖြစ်သင်ယူရမည့် ပညာရပ်များဖြစ်သည့် ပညာရေး၊  ဆက်သွယ်ရေးပညာရပ်များ၊ ကွန်ပျူတာကွန်ယက်ဆိုင်ရာ ပညာရပ်များကို ကျောင်းသား/သူတွေကြားတွင် လေ့လာလိုက်စားကျွမ်းကျင်သူများ ပေါ်ထွက်လာစေရန်၊ ထာဝရရှင်သန်ရမည့် လူ့အဖွဲ့အစည်းတွင်ပညာကို စဉ်ဆက်မပြတ် လေ့လာနေသော အဖိုးတန် လူ့အရင်းအမြစ်များပေါ်ထွန်းလာစေရန် ရည်ရွယ်ချက်များဖြင့် ကျင်းပခြင်းဖြစ်သည်။

ပညာရေးစုံညီပွဲတော်ကို  တနင်္သာရီတိုင်းဒေသကြီးပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး  ဦးမင်းဦးက အဖွင့်အမှာစကားပြီး မြိုနယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဦးသောင်းအေးက အမှာစကားပြောကြား၍  ခရိုင်ပညာရေးမှူး ဒေါ်လှလှအေးက ပညာရေးစုံညီပွဲတော် ကျင်းပရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် မြိတ်မြို့နယ်၏ ၂၀၂၃-၂၀၂၄ပညာသင်နှစ် လူရည်ချွန် ကျောင်းသား/သူများ၊ အင်္ဂလိပ်စာနှင့် သင်္ချာစွမ်းရည်ပြိုင်ပွဲတွင် ဆုရရှိသော ကျောင်းသား/သူများ၊ အထိမ်းအမှတ်နေ့များ၏ ပန်းချီ၊ ကာတွန်း၊ ပိုစတာ၊  ကွန်ပျူ တာပန်းချီ၊ စာစီစာကုံး၊ ကဗျာနှင့် ဉာဏ်စမ်းပြိုင်ပွဲတို့တွင် ဆုရရှိကြသော ကျောင်းသား/သူများ၊  တိုင်းဒေသကြီးနှင့် မြို့နယ်အဆင့် အားကစားပြိုင်ပွဲများတွင် ဆုရရှိကြသော ကျောင်းသား/သူ များအား  တာဝန်ရှိ သူများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ဆက်လက်၍ အခြေခံပညာအထက်တန်းကျောင်းများနှင့် ကိုယ်ပိုင်ကျောင်းများမှ ကျောင်းသား/သူများက တေးသရုပ်ဖော် အနုပညာအကအလှများ၊ တပင်တိုင်အက၊ ပြဇာတ်များဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြရာ တာဝန်ရှိသူများက ဖျော်ဖြေတင်ဆက်ကြသည့် ကျောင်းသား/သူများအား ဂုဏ်ပြုဆုငွေများ ချီးမြှင့်ခဲ့ကြပြီး အ.ထ.က(၂)မြိတ် GRADE-10 နှင့် GRADE-11 ကျောင်းသား၊ ကျောင်းသူများက “လောကမီးအိမ်” သီချင်းဖြင့် သီဆို၍ စုံညီပွဲတော်ကို ရုပ်သိမ်းလိုက်ကြောင်း သိရသည်။

ခိုင်ထူး(ပြန်/ဆက်)