၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင်တာဝန်ထမ်းဆောင်မည့် အထူးရဲများသင်တန်းဆင်းပွဲကျင်းပ

ကြို့ပင်ကောက် အောက်တိုဘာ ၂၈

ပဲခူးတိုင်းဒေသကြီး၊ ကြို့ပင်ကောက်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကြီး၌ လုံခြုံရေး လုပ်ငန်းများ ဆောင်ရွက်သွားမည့် အထူးရဲများအား လေ့ကျင့်သင်ကြားပေးနေသော သင်တန်းဆင်းပွဲအား ယနေ့ နံနက်(၁၀)နာရီအချိန်က မြို့နယ်ရဲတပ်ဖွဲ့စခန်းတွင် ကျင်းပခဲ့သည်။
သင်တန်းဆင်းပွဲတွင် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ဝင်းမြင့်က ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကြီး တွင် တာဝန်ထမ်းဆောင်ကြမည့် အထူးရဲတပ်ဖွဲ့ဝင်များအနေဖြင့် မဲရုံလုံခြုံရေးနှင့် ဆန္ဒမဲပေးရန်လာရောက် ကြသော ပြည်သူများ လုံခြုံရေးတို့ကို အထူးဂရုစိုက်ပြီး မဲရုံအတွင်းထူးခြားဖြစ်စဉ် ဖြစ်ပေါ်လာပါက အချိန်နှင့် တစ်ပြေးညီ သတင်းပေးပို့ဆောင်ရွက်သွားကြဖို့ လိုအပ်ကြောင်း သင်တန်းဆင်းမိန့်ခွန်း ပြောကြားပြီး သင်တန်းနည်းပြဆရာများက သင်တန်းဆင်းပွဲ အစီအစဉ်များအတိုင်း ဦးဆောင်ကျင်းပသွား ကြောင်း သိရသည်။
ကြို့ပင်ကောက်မြို့တွင် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကြီးအတွက် အထူးရဲတပ်ဖွဲ့ဝင် ၉၄ ဦးအား မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် မြို့မရဲစခန်းမှူးတို့၏ ဦးဆောင်မှုဖြင့် သင်တန်းနည်းပြ ၁၄ ဦးမှ မြို့နယ်ရဲစခန်းဝန်း၊ မင်းကျောင်းဘုန်းတော်ကြီးကျောင်းနှင့် ရန်ကုန်ပြည်လမ်း အလက(ခွဲ)ကျောင်းတို့တွင် သုံးနေရာခွဲ၍ သင်တန်းပေးခြင်းကို အောက်တိုဘာလ (၁)ရက်နေ့မှစ၍ ရက်(၂၀)ကြာသင်ကြား ပေးခဲ့ကြောင်း သိရသည်။
ဇေယျာထွန်း(ကြို့ပင်ကောက်)