သရက်ချောင်း ဇန်နဝါရီ ၁၆
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ တိုင်းရင်းဆေးပညာဦးစီးဌာနမှ ကျောင်းသား/သူများအား ကျန်းမာရေးနှင့်ပတ်သက်သော အသိပညာဗဟုသုတများ တိုးပွားလာစေရန်ရည်ရွယ်၍ ကျန်းမာရေးဆိုင်ရာအသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီအချိန်က သရက်ချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် ကျင်းပခဲ့သည်။
ဟောပြောပွဲတွင် သရက်ချောင်းမြို့နယ်၊ တိုင်းရင်းဆေးပညာဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ရွက်ဝါအောင်က တိုင်းရင်းဆေးဝါးဝယ်ယူသုံးစွဲသူများ သိကောင်းစရာအချက်များ၊ တိုင်းရင်းဆေးဝါးများ ဝယ်ယူသုံးစွဲရာတွင် သတိပြုရမည့်အချက်များ၊ တိုင်းရင်းဆေးဝါးမှတ်ပုံတင်အမှတ် ကြည့်ရှုစစ်ဆေးနည်း၊ တိုင်းရင်းဆေးဝါးဥပဒေအရတားမြစ်ချက်များ၊ သုံးစွဲရန်မသင့်သော တိုင်းရင်းဆေးဝါးများ၊ ဆေးဝါးထားသိုသိမ်းဆည်းခြင်းအကြောင်းများကို ကျောင်းသား/သူများ သိရှိနားလည်စေရန် အကျယ်တဝင့် ရှင်းလင်းဟောပြောခဲ့ပြီးနောက် တိုင်းရင်းဆေးဝါးဝယ်ယူသုံးစွဲသူများ သိကောင်းစရာအချက်များပါ လက်ကမ်းစာစောင်များဖြန့်ဝေကာ အခမ်းအနားရုတ်သိမ်းလိုက်ပြီး အဆိုပါအသိပညာပေးဟောပြောပွဲသို့ (အ-ထ-က) သရက်ချောင်းကျောင်းမှ ကျောင်းသား/သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ပြည့်ဖြိုးပိုင်(ပြန်/ဆက်)