မဲရုံလုံခြုံရေး တာဝန်ထမ်းဆောင်မည့် အထူးရဲသင်တန်းသားများ သင်တန်းဆင်းပွဲပြုလုပ်

မင်းလှ(အောက်) အောက်တိုဘာ ၂၈

ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကာလ၌ မဲရုံလုံခြုံ ရေးအတွက် တာဝန်ထမ်းဆောင်မည့် အထူးရဲသင်တန်းသားများ သင်တန်းဆင်းပွဲပြုလုပ်ခြင်းကို အ.ထ.က မင်းလှ(မြို့တွင်း) ကျောင်းသပြေခန်းမ၌ ယနေ့ နံနက် ၉ နာရီချိန်က ကျင်းပပြုလုပ်ခဲ့သည်။
အထူးရဲသင်တန်းဆင်းပွဲတွင် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး တင်မောင်သန်းက သင်တန်းတွင်ပို့ချခဲ့သော ကျင့်ဝတ်၊ စည်းကမ်း၊ ဥပ‌ဒေများအတိုင်း လိုက်နာဆောင်ရွက်သွားရန်နှင့် မဲရုံများလုံခြုံရေးအတွက် အထူးဂရုတစိုက် ကြပ်မတ်ဆောင်ရွက်သွားရန် ပြောကြားသည်။
အထူးရဲသင်တန်းကို အောက်တိုဘာ(၁)ရက်နေ့မှ စတင်၍ အ.ထ.က မင်းလှမြို့တွင်းကျောင်း၌ အထူးရဲ သင်တန်းသား (၇၂)ဦးကို နည်းပြ (၅)ဦး ကလည်းကောင်း၊ စစ်ကွင်းမြို့၊ အ.ထ.က စစ်ကွင်းကျောင်း တွင်အထူးရဲ သင်တန်းသား(၄၅)ဦးကို နည်းပြ(၅)ဦးကလည်းကောင်း အောက်တိုဘာ (၂၈)ရက်နေ့ထိ အခြေခံစစ်ပညာ၊ ရဲကျင့်ဝတ်၊ ဥပဒေ စသည့်ပညာရပ်များကို ပို့ချပေးခဲ့သည်။
မင်းလှမြို့နယ် အထွေထွေရွေးကောက်ပွဲတွင် ရပ်ကွက်/ ကျေးရွာပေါင်း(၆၆)အုပ်စုတွင် မဲရုံပေါင်း (၁၁၇) ရုံ ဖွင့်လှစ်မည်ဖြစ်ရာ မဲရုံတစ်ရုံလျှင် အထူးရဲတစ်ယောက်နှုန်းစီဖြင့် စုစုပေါင်း(၁၁၇) ဦး ခန့်အပ်တာဝန် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ပေါက်စ (မင်းလှ)