ကျောင်းကုန်း ဇန်နဝါရီ ၁၆
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ကျောင်းကုန်းမြို့နယ်၊ အမှတ် (၁) ရပ်ကွက်၊ရှေးဟောင်းသမိုင်းဝင် မိုဃ်းကောင်းဘုရားတန်ဆောင်းတော်ကြီး၌ ဂိုဏ်းပေါင်းစုံသံဃနာယကနှင့် ဝိနည်းဓိုရ်ဆင့်ပွားသင်တန်းကို ယနေ့နံနက် ၉ နာရီအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားရှိခိုး၍ဖွင့်လှစ်ပြီး၊ ဧရာဝတီတိုင်းဒေသကြီးသံဃနာယကဥက္ကဌ မဟာဂန္ထဝါစ ကပဏ္ဍိတ၊ပုသိမ်မြို့ရွှေ မစိုးရိမ်ကျောင်းဆရာတော် ဘဒ္ဒန္တဝိဇယ ကဝိနည်းဓိုရ်ဆင့်ပွားသင်တန်း ဖွင့်လှစ်ရခြင်းအကြောင်း ဩဝါဒချီးမြှင့်ခဲ့သည်။ ထို့နောက် ကျောင်းကုန်းမြို့နယ် သံဃနာယကအဖွဲ့ဥက္ကဌ ဘဒ္ဒန္တသောဘိတက ဩဝါဒချီးမြှင့်ခဲ့ပြီး၊ မြို့နယ်စီ မံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးဝင်းက သာသနာရေးဆိုင်ရာ လျှောက်ထားခဲ့သည်။ ဖွင့်ပွဲအခမ်းအနားကို ဗုဒ္ဓသာသနံ စိရံတိဌတု သုံးကြိမ်ရွတ်ဆိုရုတ်သိမ်းခဲ့ပြီး၊ သင်တန်းကိုဆက်လက်ပို့ချခဲ့သည်။
အဆိုပါ ဂိုဏ်းပေါင်းစုံသံဃနာယကနှင့် ဝိနည်းဓိုရ်ဆင့်ပွားသင်တန်းသို့ ကျောင်းကုန်းမြို့နယ်အတွင်းရှိ ကျောင်းထိုင်ဆရာတော် (၇၈) ပါး တက်ရောက်ခဲ့ပြီး၊ သင်တန်းကို ဇန်နဝါရီလ ၁၈ ရက်နေ့အထိ (၃) ရက်ကြာ သင်ကြားပို့ချပေးမည်ဖြစ်ကြောင်း သိရသည်။
ဝင်းကြိုင် (ပြန်/ဆက်)