လေးမျက်နှာ၌ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် လုံခြုံရေး တာဝန်ထမ်းဆောင်မည့် အထူးရဲသင်တန်းဆင်းပွဲကျင်းပ

လေးမျက်နှာ  အောက်တိုဘာ ၂၈

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊လေးမျက်နှာမြို့နယ်၌ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် မဲရုံအသီးသီး၌ လုံခြုံရေးတာဝန် ထမ်းဆောင်မည့် အထူးရဲ (၁၈၈) ဦးအား ယနေ့ နံနက် (၉) နာရီတွင် သံသရာငြိမ်းအေးစတုမုခဇေယျသိဒ္ဓိစေတီတော်မြတ်ကြီးဝန်းအတွင်း ဓမ္မာရုံ၌ သင်တန်းဆင်းပွဲကျင်းပပြုလုပ်ခဲ့ ကြောင်း သိရသည်။

သင်တန်းဆင်းပွဲတွင် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးအောင်ဆွေသိန်းနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ထွန်းတို့မှ အထူးရဲတပ်ဖွဲ့ဝင်များ မဲရုံလုံခြုံရေး တာဝန်များ ထမ်းဆောင်ရာတွင် သိရှိလိုက်နာဆောင်ရွက်ရမည့် ဥပဒေစည်းမျဉ်း စည်းကမ်းများ၊ ရွေးကောက်ပွဲ ဥပဒေများ၊ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးစံနှုန်းများနှင့် ကြေညာစာတမ်းများကို စာတွေ့လက်တွေ့ သင်ကြား လေ့ကျင့်ပေးခဲ့ပြီဖြစ်ရာ ရွေးကောက်ပွဲတွင် အခြေခံအကျဆုံး တာဝန်ထမ်းဆောင်ရမည့် အထူးရဲများအနေဖြင့် ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရာမှာ မမျှော်မှန်းနိုင်သော လုပ်ငန်းတာဝန် များကို ဘက်ပေါင်းစုံမှကြည့်ပြီး ဥပဒေ၊ လုပ်ထုံးလုပ်နည်း သတ်မှတ်ချက် များနှင့်အညီ သတိကြီးစွာ ဆောင်ရွက် သွားကြရမည် ဖြစ်ကြောင်းနှင့် ရွေးကောက်ပွဲကြီးကို တာဝန်ကျေပွန်စွာ ဆောင်ရွက်သွားကြ စေလိုကြောင်း၊ အထွေထွေရွေးကောက်ပွဲ ပြီးစီးသွားပါက သတ်မှတ်ချက်နှင့် ကိုက်ညီသူများအနေဖြင့် ဆန္ဒရှိပါက မြန်မာနိုင်ငံရဲတပ်ဖွဲ့သို့ ဝင်ရောက်တာဝန် ထမ်းဆောင်နိုင်ကြောင်း ပြောကြားသည်။

လေးမျက်နှာမြို့နယ်တွင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲရုံပေါင်း(၁၈၈)ရုံဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပြီး ပြည်သူများဆန္ဒမဲပေးရာတွင် စိတ်အေးချမ်းလုံခြုံစွာ မဲပေးနိုင်ရေးအတွက် အထူးရဲ(၁၈၈)ဦး တာဝန်ပေး ခန့်အပ်ထားကြောင်းနှင့် မဲရုံအသီးသီးတွင်တာဝန်ထမ်းဆောင်မည့် အထူးရဲ(၁၈၈)ဦးကို အောက်တိုဘာ (၁)ရက်နေ့မှ စတင်ကာ အောက်တိုဘာ(၂၈)ရက်နေ့အထိ သင်တန်းပို့ချပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကျော်ဟိန်း(ပြန်/ဆက်)