လိပ်သိုမြို့ (Community Centre) ခန်းမ၌ စာပေဖတ်ရှုသည့် အလေ့အထကောင်းရရှိစေရန် Book Club အဖွဲ့ဝင်များဖြင့် စာဖတ်ဝိုင်းကျင်းပ

လိပ်သို  ဇန်နဝါရီ   ၁၆

လူငယ်များ၊ ကျောင်းသား/ကျောင်းသူများအတွင်း စာဖတ်ရှိန်မြှင့်တင်ရေးနှင့် စာပေဖတ်ရှု၍ ဆွေးနွေးတတ်သည့် အလေ့အထကောင်းများ ဖြစ်ပေါ်လာစေရေး၊ စာပေဝါသနာပါသူအချင်းချင်း ရင်းနှီးစေရန်အတွက် Book Club အဖွဲ့ဝင်များနှင့်ပူးပေါင်း၍ စာရေးဆရာ ထက်ကျော်ရေးသားသော “လောကဓံနှင့် ဘောလုံးကစားခြင်း” အတွေးရသစာစုများ စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့ဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့နံနက် ၁၀   နာရီအချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်နွယ်နွယ်ခိုင်က စာဖတ်ဝိုင်းပြုလုပ်ခြင်းဖြင့် တစ်ဦးနှင့်တစ်ဦး အတွေးအခေါ်အယူအဆများကို နှီးနှောဖလှယ်နိုင်ခြင်း၊ စာပေဖတ်ရှုသည့်အလေ့အကျင့်များ ရရှိစေခြင်း၊ စာပေဖတ်ရှုခြင်းကြောင့် အသိအမြင်ဗဟုသုတ တိုးပွားစေခြင်း စသည့်အကျိုးကျေးဇူးများ ရရှိလာမည်ဖြစ်သည့်အတွက် စာပေများ ဖတ်ရှုလေ့လာရန် လိုအပ် ကြောင်းနှင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ပုံမှန်ဆောင်ရွက်လျက်ရှိကြောင်း စာဖတ်ဝိုင်းပြုလုပ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ စာရေးဆရာထက်ကျော် ရေးသားသည့် “လောကဓံနှင့် ဘောလုံးကစားခြင်း” အတွေးရသစာစုများ စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ရာ Book Club အဖွဲ့ဝင် နော်ရီမိုးဟန်က “တိုက်ကြက်နဲ့ ခါငှက် ဟာမိုနီဖြစ်ဖို့” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Book Club အဖွဲ့ဝင် နော်ခင်ဝေဝေဖြိုးက “အောင်မြင်သူနဲ့ တန်ဖိုးရှိသူ” ခေါင်းစဉ်အောက်မှ အောင်မြင်တဲ့လူနဲ့ တန်ဖိုးရှိတဲ့လူဆိုတဲ့ လူနှစ်မျိုးကို  ခွဲခြမ်း စိတ်ဖြာကြည့်ခြင်းဖြင့် အဖြေကတော့ အောင်မြင်တိုင်း တန်ဖိုးရှိတာ မဟုတ်ဘူးဆိုတာတွေ့ရပါကြောင်း၊ တန်ဖိုးဆိုတာက လူတစ်ယောက်ရဲ့ ကျင့်ဝတ်သိက္ခာနဲ့ လူအများစုက လက်ခံထားကြတဲ့ စံနှုန်းတွေကို မချိုးမဖောက်ရမှာဖြစ်ကြောင်း၊ မိဘကို စော်ကားတာ၊ ဆရာသမားကို မရိုသေတာ၊ ကျေးဇူးရှင်ကို ကျေးစွပ်တာမျိုးတွေဟာ သိက္ခာရှိတဲ့၊ တန်ဖိုးရှိတဲ့ လူတစ်ယောက်ရဲ့ အပြုအမူတွေမဟုတ်ပါကြောင်း၊ အောင်မြင်ပြီး တန်ဖိုးရှိတဲ့ လူမျိုးဖြစ်အောင်ကြိုးစားနိုင်မယ်ဆိုရင်တော့ အတိုင်းအထက်အလွန် ဖြစ်သွားမှာအမှန်ဖြစ်ကြောင်း စသည့်အကြောင်းအရာများကို  ရှင်းလင်းဆွေးနွေးခဲ့သည်။

ထို့နောက် စာဖတ်ဝိုင်းဆွေးနွေးပွဲကို တက်ရောက်လာကြသည့် စာပေဝါသနာရှင်များက စာအုပ်တွင်ပါရှိသည့် အကြောင်းအရာများကို အချင်းချင်းအပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်းနှင့် လိပ်သိုမြို့ ပြည်သူ့စာကြည့်တိုက်အနေဖြင့် ပြည်သူများ အသိပညာဗဟုသုတ များပိုမိုရရှိရေးအတွက် အပတ်စဉ်/လစဉ် စီစဉ်ဆောင်ရွက်ပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။

ခင်လေးနွယ်(လိပ်သို)