စလင်း ဇန်နဝါရီ ၁၆
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့၊ မကျီးပင်ပုကျေးရွာအုပ်စု၊ ကူတိုကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာများပူးပေါင်း၍ လူငယ်များ အသိပညာဗဟုသုတပိုမိုတိုးတက်မြင့်မားလာစေရန်ရည်ရွယ်၍ ဇန်နဝါရီ(၁၆)ရက် နံနက်(၉)နာရီအချိန်က လူငယ်အသိပညာပေးဟောပြောခြင်း ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ စလင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးလွှမ်းမိုးအောင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး စလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးအေးလင်းက လူငယ်နှင့်ပြည်ထောင်စုစိတ်ဓာတ်၊ မြို့နယ်ဥပဒေအရာရှိ ဦးရန်အောင်က မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်၊ မြို့နယ်ယာဥ်ထိန်းရဲတပ်ဖွဲ့ တပ်ကြပ်ကြီး ဇင်မင်းထိုက်က ယာဥ်စည်းကမ်းလမ်းစည်းကမ်းအန္တရာယ်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဒုရဲအုပ် သန္တာလှိုင်က မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်နှင့်ကလေးအလုပ်သမားပပျောက်ရေး၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးအရာရှိ ဦးစောလွင်ဦးက သဘာဝဘေးအန္တရာယ်၊ စလင်းမြို့နယ် မကျီးပင်ပုကျေးရွာအုပ်စု ကူတိုအခြေခံအလယ်တန်းကျောင်းမှ ဆရာဦးကျော်သက်နောင်က ယဥ်ကျေးလိမ္မာနှင့်ပြည်သူ့နီတိဆိုင်ရာများခေါင်းစဥ်ဖြင့် လူငယ်အသိပညာပေး ဆွေးနွေးဟောပြောခဲ့သည်။ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲတွင် ဌာနဆိုင်ရာများ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်များ၊ ကူတိုအခြေခံပညာအလယ်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီးဦးဗိုလ်ဇွဲနှင့် ဆရာ၊ ဆရာမ (၁၆) ဦးနှင့် ကျောင်းသား၊ ကျောင်းသူ (၂၀၀) ဦးခန့်က လူငယ်အသိပညာပေးဟောပြောပွဲကို တကရောက်ကြကြောင်း သိရသည်။
မောင်လွင်(စလင်း)