မိုးညို ဇန်နဝါရီ ၁၆
၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ မြို့နယ်အဆင့်ပညာရေးစုံညီပွဲတော်နှင့်ဆုပေးပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲအချိန်က ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့၊ ဇောတိကရပ်ကွက်ရှိ အ.ထ.က(မိုးညို)သရဖူခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ စုံညီပွဲတော်အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးမင်းသိဒ္ဓိ၊ အဖွဲ့ဝင်(၁)ဗိုလ်မှူးသိန်းသန်းစိုး၊ အဖွဲ့ဝင်(၂)ဦးစိုးတင့်၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူးစိုးဝင်း၊ မြို့နယ်ပညာရေးမှူးဦးကြည်လင်၊ အမျိုးသမီးရေးရာ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်ခက်ခက်အောင်နှင့်ကျောင်းအကျိုးတော်ဆောင်ဦးညီညီဇော်တို့က ကျောင်းအဝင်ဝ၌ ဖဲကြိုးဖြတ်ဖွင့်လှစ်၍ ကျောင်းသား၊ ကျောင်းသူကလေးများက တိုင်းရင်းသားအက၊ ပန်းပွားအကများဖြင့် ကပြဖျော်ဖြေခဲ့ကြသည်။
ဆက်လက်၍ သရဖူခန်းမ၌ကျင်းပရာ အ.ထ.က(မိုးညို)မှ ကျောင်းသား၊ ကျောင်းသူလေးများက “ကြိုဆိုပါသည်စုံညီပွဲတော်” သီချင်းဖြင့်သီဆိုဖွင့်လှစ်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးမင်းသိဒ္ဓိက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပညာရေးမှူးဦးကြည်လင်နှင့် ကျောင်းအုပ်ဆရာမကြီးဒေါ်စန်းစန်းထွေးတို့က စုံညီပွဲတော်ကျင်းပရခြင်းအကြောင်းရှင်းလင်းပြောကြားကာ ကျောင်းအကျိုးတော်ဆောင်ဦးညီညီဇော်က ကျေးဇူးတင်စကားပြောကြားခဲ့သည်။
ထို့နောက် ထူးချွန်ဆရာများနှင့် ပညာရည်ချွန်ဆု၊ လူရည်ချွန်ဆု၊ ဝန်ထမ်းအကောင်းဆုံးဆု၊ စာစီစာကုံး၊ ပုံပြော၊ ကျပန်းစကားပြော၊ ပန်းချီ၊ ကဗျာ၊ ဆောင်းပါး၊ ဆိုကရေးတီး၊ အားကစား၊ ကျောင်းနှင့်ကျောင်းပတ်ဝန်းကျင်သန့်ရှင်းရေးဆု စုစုပေါင်း(၁၇၇)ဆုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး၊ ကျောင်းအုပ်ဆရာမကြီးနှင့်ဌာနဆိုင်ရာတာဝန်ရှိသူများက ဆုများချီးမြှင့်ပေးအပ်ခဲ့ပြီး ကျောင်းသား၊ ကျောင်းသူလေးများက အကအလှများဖြင့် ကပြသီဆိုဖျော်ဖြေခဲ့ကြောင်း သိရသည်။
ကိုမင်း(ပြန်/ဆက်)