ပန်းတနော်၊ ဇန်နဝါရီ ၁၆
ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ပန်းတနော်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ အနာဂတ်မျိုးဆက်သစ်ကျောင်းသား ကျောင်းသူများ ဗလငါးတန်ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးအတွက် လူငယ်စကားဝိုင်းကို ယမန်နေ့ မွန်းလွဲ (၂)နာရီက အ.ထ.က (ရွှေလှေ) ကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိဦးကိုကိုမောင်က ယခုလိုလူငယ်စကားဝိုင်းပြုလုပ်ပေးရခြင်း ရည်ရွယ်ချက်မှာ ကျောင်းသားလူငယ်များအချင်းချင်း အသိပညာဗဟုသုတများတိုးပွားလာစေရန်၊ စဉ်းစားတွေးခေါ်မှုတိုးတက်မြင့်မားလာစေရန်၊ လူ့အဖွဲ့အစည်းများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်တက်စေရန်နှင့် ပြောရဲဆိုရဲသည့် သတ္တိများရရှိလာစေရန် လူငယ်စကားဝိုင်းများ ကျင်းပပြုလုပ်ပေးရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး လူငယ်စကားဝိုင်းစတင်ခဲ့ရာ ခေါင်းဆောင်ဆွေးနွေးသူအဖြစ် ပြန်/ဆက်ဦးစီးအရာရှိ ဦးကိုကိုမောင်၊ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ အားကစားနည်းပြဆရာမနှင့် Grade(11)မှ ကျောင်းသားကျောင်းသူများက လူငယ်နှင့်အားကစား၊ လူငယ်နှင့်စာပေ၊လူငယ်နှင့်ယဉ်ကျေးမှု၊ လူငယ်နှင့်မူးယစ်ဆေး၊ လူငယ်နှင့်ပြည်သူ့နီတိ စသည့်ခေါင်းစဥ်ပါအကြောင်းအရာများကို ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက မိမိတို့သိရှိလိုသည်များ မေးမြန်းဆွေးနွေးရာ သက်ဆိုင်ရာခေါင်းစဉ်အလိုက် ပြန်လည်ဆွေးနွေးခဲ့ကြောင်း သိရသည်။
အဆိုပါဆွေးနွေးပွဲသို့ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိနှင့် ဝန်ထမ်းများ၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှဝန်ထမ်းများ၊ အ.ထ.က (ရွှေလှေ)ကျောင်းမှ ဆရာ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၁၅၀) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
ပြည့်ဖြိုးကျော် (ပြန်/ဆက်)