နာဂဒေသ၊ ပန်ဆောင်မြို့၌ နာဂရိုးရာနှစ်သစ်ကူးပွဲတော်ကျင်းပ

ပန်ဆောင် ဇန်နဝါရီ ၁၆

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပန်ဆောင်မြို့တွင်နေထိုင်ကြသည့် နာဂတိုင်းရင်းသားများက နာဂရိုးရာ နှစ်သစ်ကူးပွဲတော်ကို ယမန်နေ့က ပန်ဆောင်မြို့ နာဂရိုးရာကွင်း၌ ကျင်းပခဲ့သည်။

အခမ်းအနားကို အဖွင့်ဆုတောင်းဆက်ကပ်ခြင်းနှင့် ရိုးရာသီချင်းဖြင့်ဖွင့်လှစ်ပြီး နာဂရိုးရာ စာပေနှင့်ယဉ်ကျေးမှု နာယကဦးဇင်းဝမ်မှ နာဂရိုးရာနှစ်သစ်ကူးပွဲတော် ကျင်းပရခြင်းနှင့်ပတ်သက်၍ အမှာစကား ပြောကြားသည်။

ဆက်လက်ပြီး နာဂရိုးရာ တိုင်းရင်းသားများကရိုးရာသီချင်းများဖြင့်ဖျော်ဖြေသီချင်းဆိုကြပြီး နာဂရိုးရာ နှစ်သစ်ကူးပွဲပြုလုပ်ရခြင်း ရည်ရွယ်ချက်ကို ပွဲတော်ကျင်းပဖြစ်မြောက်ရေးကော်မတီ အတွင်းရေးမှူး ဦးခဲချိန်ကပြောကြားသည်။

ထို့နောက် နာဂရိုးရာ အကများ၊ သီချင်းများနှင့်ကပြဖျော်ဖြေပြီး တက်ရောက်လာကြသည့် ဧည့်သည်တော်များကို ရိုးရာအစားအစာများဖြင့် ဧည့်ခံကျွေးမွှေးခဲ့ကြောင်း သိရသည်။

ရပ်နီးရပ်ဝေးမှ မျိုးဆက်သစ် နာဂတိုင်းရင်းသားလူငယ်များမှ မိမိရိုးရာယဉ်ကျေးမှုဓလေ့များ မပျောက်ပျက်အောင် အစဉ်အဆက်ကျင်းပပြီး ထိန်းသိမ်းကာကွယ်စေရေးနှင့် ရိုးရာနှစ်သစ်ကူးပွဲတော် ဖြစ်မြောက်ရေးကော်မတီအတွင်းရေးမှူးက ပြောကြားကြောင်း သိရှိရသည်။

ဂျာယော် (ပန်ဆောင်)