ဘားအံတက္ကသိုလ်၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲ ကျင်းပ

ဘားအံ ဇန်နဝါရီ ၁၆

ကရင်ပြည်နယ်၊ ဘားအံတက္ကသိုလ် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် (၂၀၂၃ ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူများ) ပထမနှစ်သင်တန်း ကျောင်းသား၊ကျောင်းသူများအား ကြိုဆိုသည့် မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီက အဆိုပါတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။

မောင်မယ်သစ်လွင်ကြိုဆိုပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက ယနေ့လူငယ် နောင်ဝယ်လူကြီး ဟူသည့် စကားအတိုင်း မောင်တို့မယ်တို့သည် နိုင်ငံတော်တာဝန်ကို ပခုံးပြောင်းတာဝန်ထမ်းရမည့်သူများဖြစ်သည့်အတွက် တက္ကသိုလ်မှ ဆရာ၊ဆရာမများ သင်ကြားပေးသည့် အဆင့်မြင့်ပညာရပ်များကို လေ့လာသင်ယူပြီး မိမိနှစ်သက်ရာ အားကစားနှင့်အသင်းအဖွဲ့များတွင် ပါဝင်လှုပ်ရှား၍ ထူးချွန်ထက်မြတ်အောင် လေ့လာသင်ယူ အားထုတ်ကြစေလိုကြောင်း၊ မောင်တို့မယ်တို့ကို ဘားအံတက္ကသိုလ်က အလေးထားကြိုဆိုသကဲ့သို့ ကရင်ပြည်နယ်ကလည်း တန်ဖိုးထားပြီးကြိုဆိုပါကြောင်း၊ နိုင်ငံတော်အတွက် ကရင်ပြည်နယ်အတွက် လက်ဆင့်ကမ်းတာဝန်များကို ထမ်းရွက်နိုင်ရန် အမိတက္ကသိုလ်ကြီးမှ တတ်သင့်တတ်ထိုက်သည့် အတတ်ပညာများ၊ သိသင့်သိထိုက်သည့် အသိပညာများကို တတ်မြောက်ကျွမ်းကျင်အောင် လေ့လာသင်ယူပြီး နိုင်ငံတော်မှ အားထားရမည့် သားကောင်း၊ သမီးကောင်းများ ဖြစ်ကြပါစေကြောင်း ပြောကြားသည်။

ထို့နောက် ဘားအံတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာစိုးစိုးအေးက ဘားအံတက္ကသိုလ်တွင် ဖွင့်လှစ်ပို့ချလျက်ရှိသည့် သင်တန်းများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး မောင်မယ်သစ်လွင်များကို ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားကာ ဘားအံတက္ကသိုလ် ကျောင်းသား၊ကျောင်းသူများက “မြကျွန်းညိုညို” “ဒို့တက္ကသိုလ်”တေးသီချင်းများ ဖြင့်လည်းကောင်း၊ ၂၀၂၄ ခုနှစ် စာတတ်မြောက်ရေးလှုပ်ရှားမှုကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် “ ပြည်သူ့နှလုံး အသုံးလုံး” တေးသီချင်းတို့ဖြင့် သီဆိုကပြဖျော်ဖြေ၍ မောင်မယ်သစ်လွင်များအား ကြိုဆိုကြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က ဘားအံတက္ကသိုလ် မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားအတွက် ငွေကျပ်(၁၀)သိန်းကို ဘားအံတက္ကသိုလ်ပါမောက္ခချုပ်ထံ ထောက်ပံ့ပေးအပ်ပြီး ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ဘားအံတက္ကသိုလ် KING နှင့် QUEEN အမည်စာရင်းကို ကြေညာကာ ပြည်နယ်ဥပဒေချုပ်ဦးရဲလွင်နှင့် ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်ဒေါ်ခင်ဆွေထွန်းတို့က KING နှင့် QUEEN ရရှိသူများကို ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ဘားအံတက္ကသိုလ်တွင် ဝိဇ္ဇာဘာသာရပ်ဌာန(၈)ခုနှင့် သိပ္ပံဘာသာရပ်ဌာန(၆)ခု စုစုပေါင်းသင်ကြားရေးဌာန (၁၄) ခုတွင် အသစ်ဖွင့်လှစ်သည့် အသုံးချဘာသာရပ်(၂)ခုအပါအဝင် ဘာသာရပ်ပေါင်း(၁၆)ခုကို သင်ကြားပေးနေပြီး ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၏ ပထမနှစ်သင်တန်းတွင် ကျောင်းသား၊ကျောင်းသူ (၄၈၄)ဦး ကျောင်းအပ်နှံပြီး ဘာသာရပ်ပေါင်းစုံတွင် တက်ရောက်ပညာသင်ကြားကြမည်ဖြစ်ကာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မောင်မယ်သစ်လွင်များအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများ ပြောကြားခဲ့ကြသည်။

အလားတူ ကျန်းမာရေးဝန်ကြီးဌာန၊ ကရင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနသည် ကိုဗစ်-၁၉ ရောဂါ မျိုးစိတ်အသစ်များအား ကာကွယ်နိုင်ရန် ထပ်ဆောင်းကာကွယ်ဆေး Pfizer များကို ယနေ့နံနက်ပိုင်းမှစတင်၍ စုရပ်များခွဲ၍ ဦးတည်အုပ်စုများအလိုက် ထိုးနှံပေးလျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံပေးနေမှု အခြေအနေများကို ကြည့်ရှုအားပေးခဲ့ကြသည်။

ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများသည် ပြည်နယ်ပြည်သူ့ဆေးရုံကြီး(ဘားအံ) သုံးထပ်တိုးချဲ့လူနာဆောင်၌ ကျန်းမာရေးဝန်ထမ်းများအား ထပ်ဆောင်းကာကွယ်ဆေးထိုးနှံပေးနေမှုအား ကြည့်ရှုအားပေးပြီး ကိုယ်တိုင်ကာကွယ်ဆေးထိုးခံယူခဲ့ကြကာ တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားခဲ့သည်။

ဘားအံမြို့တွင် ပြည်နယ်ပြည်သူ့ဆေးရုံကြီး (ဘားအံ)၊ သုမေဓါရာမကြားတောရကျောင်းတိုက်၊ ပြည်နယ်အစိုးရအဖွဲ့ရုံး၊ မြို့နယ်စုပေါင်းရုံးတို့တွင် စုရပ်များ သတ်မှတ်၍ အသက်(၅၀)နှစ်အထက် နိုင်ငံ့ဝန်ထမ်းများ၊ အသက်(၆၅)နှစ်နှင့်အထက် ပြည်သူလူထုများ၊ အသက်(၁၈)နှစ်နှင့်အထက် နာတာရှည်ရောဂါရှိသူများနှင့် ကိုယ်ခံအား ကျဆင်းသည့် ရောဂါရှိသူများ၊ ကိုယ်ဝန်ဆောင်မိခင်များ၊ ကျန်းမာရေးဝန်ထမ်းများအား ဦးစားပေး ထိုးနှံပေးလျက်ရှိကြောင်းနှင့် တိုးချဲ့ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သတင်းရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)