ပြည် ဇန်နဝါရီ ၁၆
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကြီးမှူးကျင်းပသော “လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်း” ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီခွဲက ပြည်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ရှေးဦးစွာ ပြည်ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ခရိုင်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးငြိမ်းမြင့်ဇော်က သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး ပြည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်ရွှေဝါဖူးက သင်တန်းဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် ပြည်ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်ဦးစီးဌာန ခရိုင်ဦးစီးမှူးက သင်တန်းအတွက် လိုအပ်သော သင်ထောက်ကူပစ္စည်းများအား ပေးအပ်ရာ သင်တန်းသူတစ်ဦးက လက်ခံ၍ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
အဆိုပါသင်တန်းတွင် ပြည်ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ သင်တန်းနည်းပြ ဆရာဦးသိန်းဇော်နှင့် ဆရာမဒေါ်မီမီဦးတို့က လူသုံးကုန်ပစ္စည်းများဖြစ်သည့် ဘက်စုံသုံးဆပ်ပြာဆီ၊ ရေချိုးဆပ်ပြာရည်၊ ဆပ်ပြာခရင်မ်၊ ဆပ်ပြာအကြမ်းခဲ၊ ကိုယ်တိုက်ဆပ်ပြာ၊ ခေါင်းလျှော်ရည်နှင့် ရောင်းတန်းဝင်ဆပ်ပြာအမျိုးမျိုး ပြုလုပ်နည်းများကို ဇန်နဝါရီလ ၁၅ ရက်နေ့မှ ၁၉ ရက်နေ့ထိ ၅ ရက်ကြာ စာတွေ့၊ လက်တွေ့ ဖွင့်လှစ်သင်ကြားပို့ချပေးသွားမည်ဖြစ်ပြီး သင်တန်းကာလပြီးဆုံး၍ လုပ်ငန်းလုပ်ကိုင်မည်ဆိုင်ပါက အသေးစားမှတ်ပုံတင်လုပ်ငန်း လုပ်ကိုင်ခွင့် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းသို့ ပြည်မြို့ပေါ် ရပ်ကွက်အသီးသီးမှ သင်တန်းသား/ သူ စုစုပေါင်း (၂၀) ဦး တက်ရောက်ခဲ့ကြောင်း သိရှိရသည်။
ခရိုင် (ပြန်/ဆက်)