ကျွန်းစု ဇန်နဝါရီ ၁၆
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် မြို့နယ်ပညာရေးမှူးရုံး၏ ၂၀၂၃ - ၂၀၂၄ ပညာသင်နှစ် မြို့နယ်ပညာရေးစုံညီပွဲတော်ကို ယနေ့ နံနက် (၉) နာရီအချိန်က မြို့နယ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားကို အ.ထ.က ကျွန်းစုကျောင်းနှင့် ပထက်ကျောင်းတို့မှ ကျောင်းသား၊ ကျောင်းသူများက ကြိုဆိုပါသည်စုံညီပွဲတော် သီချင်းဖြင့် သီဆိုဖျော်ဖြေကာ ဖွင့်လှစ်ခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်စန်းဝင်းက အဖွင့်အမှာစကား ပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်ပညာရေးမှူး ဒေါ်ဝင်းမာက ပညာရေးစုံညီပွဲတော်နှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး တနင်္သာရီရေတပ်စခန်းဌာနချုပ်၊ ဌာနချုပ်မှူး ဗိုလ်မှူးချုပ် သိန်းထူးနှင့် ဇနီး ဒေါက်တာ ဒေါ်အေးစိုးက မြို့နယ်ပညာရေးစုံညီပွဲတော် ကျင်းပရေးအတွက် ငွေကျပ် (၅)သိန်း လှူဒါန်းပေးအပ်ခဲ့ရာ မြို့နယ်ပညာရေးမှူး ဒေါ်ဝင်းမာက လက်ခံရယူခဲ့သည်။
ဆက်လက်၍ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် ပညာရေးဝန်ကြီးဌာနမှ ချီးမြှင့်သော ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် ထူးချွန်ဆရာများ ဂုဏ်ပြုပွဲ အခမ်းအနားတွင် ထူးချွန်ဆရာဆု ရရှိခဲ့သော အ.ထ.က ပထက်ကျောင်းမှ ကျောင်းအုပ်ကြီး ဒေါ်မေမြင့်လွင်အားလည်းကောင်း၊ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ နိုင်ငံတော်အဆင့် လူရည်ချွန်ဖြစ်အောင် မွေးထုတ်ပေးခဲ့သော အထက ကတ္တလူကျောင်းမှ ကျောင်းအုပ်ကြီးနှင့် ဆရာ၊ ဆရာမများ၊ နိုင်ငံတော်အဆင့် လူရည်ချွန် ရွေးချယ်ခြင်း ခံရသော Grade – 11 ကျောင်းသား မောင်ထူးခြားအားလည်းကောင်း၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် အောင်ချက်ရာခိုင်နှုန်း အကောင်းဆုံး ရရှိခဲ့သည့် ကျောင်းများ၊ ၂၀၂၂ - ၂၀၂၃ ပညာသင်နှစ် နှင့် ၂၀၂၃ - ၂၀၂၄ ပညာသင်နှစ်တို့တွင် တိုင်းဒေသကြီးအဆင့်၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့် စာစီစာကုံး၊ ကဗျာနှင့် ကျပန်းစကားပြောပြိုင်ပွဲ၊ ကွန်ပျုတာပန်းချီ၊ ကာတွန်း၊ အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲ၊ သင်္ချာစွမ်းရည်ပြိုင်ပွဲနှင့် အားကစားပြိုင်ပွဲများတွင် ဆုရရှိသူများအား တနင်္သာရီရေတပ်စခန်းဌာနချုပ်၊ ဌာနချုပ်မှူး ဗိုလ်မှူးချုပ် သိန်းထူးနှင့် ဇနီး ဒေါက်တာ ဒေါ်အေးစိုး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်စန်းဝင်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် တာဝန်ရှိသူများက ဆုများ အသီးသီး ချီးမြှင့်ပေးအပ်ခဲ့ပြီး မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ အသီးသီးမှ ချမ်းမြေ့ပါစေ၊ အခြေခံကဗျာလွတ် အက၊ ရတနာပုံ၊ ယောသူတို့ရွာ၊ မြန်မာအမျိုးသမီး အလှထီးယိမ်းအက၊ ထာဝရမြန်မာ၊ ခေတ်(၆)ခေတ် အက၊ စကားဝါမြေ စသည့် သီချင်းများဖြင့် သီဆိုဖျော်ဖြေကပြခဲ့ကြရာ တနင်္သာရီရေတပ်စခန်းဌာနချုပ်၊ ဌာနချုပ်မှူး ဗိုလ်မှူးချုပ် သိန်းထူးနှင့်ဇနီး ဒေါက်တာ ဒေါ်အေးစိုး၊ အရာရှိများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်စန်းဝင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး ဒေါ်ဝင်းမာ၊ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ဆရာကြီး/ ဆရာမကြီးများ၊ ဆရာ/မများ၊ ကျောင်းသားမိဘများနှင့် ဆုရကျောင်းသား/သူများက ကြည့်ရှုအားပေးခဲ့ကြကာ ဆုတော်ငွေများ ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။
ထက်မြင့်(ကျွန်းစု)