အထွေထွေရွေးကောက်ပွဲတွင် လုံခြုံရေးတာဝန်ထမ်းဆောင်မည့် အထူးရဲများ သင်တန်းဆင်းပွဲ ကျွန်းစုမြို့၌ ကျင်းပ

ကျွန်းစု၊ အောက်တိုဘာ ၂၈

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲရုံများ၌ လုံခြုံရေးတာဝန်ထမ်းဆောင်မည့် အထူးရဲများသင်တန်းဆင်းပွဲကို ယနေ့နံနက်(၈)နာရီအချိန်က မြို့နယ် ကျွန်းရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

သင်တန်းဆင်းပွဲတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဌေးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဝင်းမောင်က အထူးရဲများ ရွေးကောက်ပွဲတွင် လိုက်နာဆောင်ရွက်ရမည့် လုပ်ငန်းများကို ဆွေးနွေးပြောကြားခဲ့ကာ အထူးရဲတပ်ဖွဲ့ဝင်များအား ဆုချီးမြှင့်ခြင်းနှင့် သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့ကြသည်။

ကျွန်းစုမြို့တွင် မဲရုံစုစုပေါင်း(၁၆၃)ရုံရှိပြီး ၎င်းမဲရုံများလုံခြုံရေးဆောင်ရွက်နိုင်ရေးအတွက် အထူးရဲတပ်ဖွဲ့ဝင် (၁၆၃)ဦးနှင့် အရန်တပ်ဖွဲ့ဝင်(၄)ဦး စုစုပေါင်း(၁၆၇)ဦးတို့အား သက်ဆိုင်ရာနေရာများအသီးသီး၌ တာဝန်ရှိသူများက အောက်တိုဘာလ(၁)ရက်နေ့မှ(၂၈)ရက်နေ့အထိ လေ့ကျင့်သင်ကြားပေးခဲ့ကြောင်း သိရသည်။

စည်သူရအောင်(ကျွန်းစု)