ပွင့်ဖြူ ဇန်နဝါရီ ၁၆
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက လက်ခုပ်ကျေးရွာအုပ်စု၊ သာစည်ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေ နဝမအကြိမ် ထုတ်ချေးပေးခြင်းကို ယမန်နေ့ မွန်းလွဲ ၁ နာရီက အဆိုပါကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင်က မြစိမ်းရောင်ကျေးရွာစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်ပေးရခြင်းနှင့်စပ်လျဉ်း၍ စီမံကိန်းအကျိုးကျေးဇူးများ၊ စီမံကိန်းရန်ပုံငွေဖြင့် ဆောင်ရွက်နိုင်မည့် ဝင်ငွေတိုးလုပ်ငန်းများ၊ လိုက်နာရမည့်စီမံကိန်းဆိုင်ရာ စည်းကမ်းချက်များ၊ အတိုးနှုန်းထားများနှင့် ငွေစာရင်းဇယား ပြုစုထိန်းသိမ်းနည်းဆိုင်ရာများကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ကျေးရွာစီမံကိန်းလုပ်ငန်းကြီးကြပ်မှုကော်မတီဝင်များနှင့်အတူ သာစည်ကျေးရွာရှိ စီမံကိန်းအသင်းဝင်များထံမှ အဌမအကြိမ်မြောက် ထုတ်ချေးပေးထားသည့် စီမံကိန်းချေးငွေများကို ပြန်လည်ကောက်ခံ၍ စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ ၉၄ ဦး၊ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ ၄၃ ဦး၊ အရောင်းအဝယ်လုပ်ငန်းလုပ်ကိုင်သူ ၃၆ ဦး၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်း လုပ်ကိုင်သူ ၆ ဦး၊ စုစုပေါင်း စီမံကိန်းဝင် အသင်းသား၊ အသင်းသူ ၁၇၉ ဦး အတွက် နဝမအကြိမ်မြောက် မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေ အတိုးအရင်း ငွေကျပ် ၅၂ သန်းအား စနစ်တကျ ထုတ်ချေးဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)