အုတ်တွင်း ဇန်နဝါရီ ၁၆
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် အုတ်တွင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ယမန်နေ့နံနက်တွင် ကြို့ကုန်းအခြေခံပညာမူလတန်းလွန်ကျောင်းသို့ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်ခင်မူမူဝင်းက စာအုပ်စာပေဖတ်ရှုခြင်းဖြင့် ရရှိလာမည့်အကျိုးကျေးဇူးများနှင့် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးအကြောင်းအရာများကို ကျောင်းသား၊ ကျောင်းသူများအား အသိပညာပေးပြောကြားခဲ့သည်။
ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ခင်ခင်မာက ကျောင်းသား၊ ကျောင်းသူများ ကိုယ်ကာယဥာဏစွမ်းရည်များ ဖွံ့ဖြိုးစေရေး၊ အချင်းချင်းပူးပေါင်းဆောင်ရွက်တတ်စေရေး၊ တစ်ဦးနှင့်တစ်ဦး ချစ်ခင်ရင်းနှီးမှုများ ရရှိစေရေးအတွက် ကိုယ်လက်လှုပ်ရှားမှုများ ပြုလုပ်ပေးပြီးရုပ်ပုံစာအုပ်ဖြင့် ပုံပြင်ပြောသရုပ်ပြသခြင်းများ ဆောင်ရွက်ခဲ့သည်။
ထို့နောက် ကျောင်းသား၊ ကျောင်းသူများအား မူးယစ်ဆေးဝါးအန္တရာယ်တား ဆီးကာကွယ်ရေးအသိပညာပေးနံရံကပ်စာစောင်များနှင့် ကလေးအလုပ်သမားဆိုင်ရာ သိမှတ်ဖွယ်ရာများ နံရံကပ်စာစောင်တို့ကို ပြသခဲ့ကြောင်း သိရသည်။
အေမင်းရည်စော (ပြန်/ဆက်)