မင်းလှမြို့နယ်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး လက်ကမ်းစာစောင်ဖြန့်ဝေ

အထက်မင်းလှ ဇန်နဝါရီ ၁၆

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ထုတ်ဝေသည့် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးလက်ကမ်းစာစောင်များကို ယမန်နေ့နံနက် (၈)နာရီက မင်းလှမြို့ ဇေယျာသီရိဈေးနှင့် ပြည်‌တော်သာလမ်းတွင် ဈေးရောင်း၊ ဈေးဝယ်ပြည်သူများအား ဖြန့်ဝေပေးခဲ့သည်။

အဆိုပါ လက်ကမ်းစာစောင်ဖြန့်ဝေရာတွင် မင်းလှမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိ ဒေါ်နွယ်နွယ်အေးနှင့် ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ပြည်သူများအသိပညာဗဟုသုတရရှိစေရန် ဖြန့်ဝေပေးခြင်းဖြစ်ရာ လက်ကမ်းစာစောင်တွင် မူးယစ်ဆေးဝါးအမျိုးအစားများ မူးယစ်ဆေးဝါးဆိုးကျိုးများ၊ မူးယစ်ဆေးဝါးသုံးစွဲခြင်းအကြောင်းအရာများ၊ မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် ခန္ဓာပိုင်းဆိုင်ရာထိခိုက်မှု၊ လူမှုရေးဆိုင်ရာထိခိုက်မှုများ စသည့်အကြောင်းအရာများပါရှိပြီး ပြည်သူများလေ့လာဖတ်ရှုသိရှိစေရန် ရည်ရွယ်၍ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ဇာဇာ(အထက်မင်းလှ)