ထားဝယ် ဇန်နဝါရီ ၁၆
၂၀၂၄ ခုနှစ်၊ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားကျင်းပရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၁ နာရီက ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ကျင်းပသည်။
အစည်းအဝေးတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုက (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားကျင်းပပြုလုပ်နိုင်ရေး အပြင်ပြခန်းများ၊ ဒေသမှထွက်ရှိသော MSMEနှင့် ပတ်သက်သောပြခန်းများ၊ ဒေသထွက်အစားအစာရောင်းချပွဲနှင့်ပတ်သက်၍ ညှိနှိုင်းအစည်းအဝေးဖြစ်ကြောင်း၊ ပြည်ထောင်စုနေ့ အခမ်းအနားစနစ်တကျကျင်းပနိုင်ရေးအတွက် တက်ရောက်လာသူများအနေဖြင့် ကြိုတင်ပြင်ဆင်စီစဉ်ဆောင်ရွက်ထားရန်လိုအပ်ကြောင်း၊ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အကြို MSME နှင့် OROP ပြည်ပပို့ကုန်အဆင့်မြင့် ဒေသထွက်ကုန်ပစ္စည်းများ အရောင်းပြခန်းကို နေပြည်တော်တွင်ကျင်းပ ပြုလုပ်မည်ဖြစ်သောကြောင့် တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ MSME မှ ကုန်ထုတ်လုပ်ငန်းများ၊ ထုတ်ကုန်ပစ္စည်းအား ပြခန်းအတွင်းခင်းကျင်းပြသနိုင်ရေးနှင့် တိုင်းရင်းသားရိုးရာအစားအစာများ ရောင်းချနိုင်ရေးအတွက် တာဝန်ရှိသူများက ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိရန်လိုအပ်ကြောင်း ပြည်ထောင်စုနေ့အခမ်းအနားတွင်ပြခန်းများ၊ ဖျော်ဖြေရေး အစီအစဉ်များဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ကော်မတီဝင်များက အခမ်းအနားပြင်ဆင်ရေး၊ စစ်ရေးပြ၊ လုံခြုံရေးနှင့်စည်းကမ်းထိန်းသိမ်းရေး၊ ဖိတ်ကြားရေး၊ ပြန်ကြားရေးနှင့်သတင်းထုတ်ပြန်ရေး၊ ကြိုဆိုနေရာချထားရေးနှင့် ပို့ဆောင်ရေး၊ ပြခန်းများခင်းကျင်းပြသရေး၊ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း၊ ဘဏ္ဍာရေးလုပ်ငန်းစသည့် လုပ်ငန်းကော်မတီအလိုက်ရှင်းလင်းဆွေးနွေးတင်ပြကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)