ကချင်ပြည်နယ်ဝန်ကြီးချုပ် အောင်ပွဲရကချင်ပြည်နယ်ကိုယ်စားပြု ဂျူဒိုအသင်းအား ဂုဏ်ပြုကြိုဆို၊ ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲမှု အဖွဲ့လုပ်ငန်းညှိနှိုင်း အစည်းအဝေးနှင့် ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီလုပ်ငန်း ညှိနှိုင်းအစည်းဝေးများသို့ တက်ရောက်

မြစ်ကြီးနား ဇန်နဝါရီ ၁၆

၂၀၂၃ ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် ဂျူဒိုအားကစားပြိုင်ပွဲတွင် ကချင်ပြည်နယ်ကိုယ်စားပြု ပြည်နယ်လက်ရွေးစင် ဂျူဒိုအသင်းက ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြရာ အမျိုးသားတံခွန်စိုက်၊ အမျိုးသမီးတံခွန်စိုက်နှင့် စုပေါင်းတံခွန်စိုက်ဖလားအားလုံးအပြင် အကောင်းဆုံးဆုများကိုပါ ဆွတ်ခူးရရှိခဲ့ပြီး ဇန်နဝါရီ ၁၅ ရက် နံနက် ၁၀ နာရီက မြစ်ကြီးနားမြို့သို့ ပြန်လည်ရောက်ရှိလာကြရာ အောင်ပွဲရ ဂျူဒိုအသင်းအား ဂုဏ်ပြုကြိုဆိုခဲ့ကြသည်။

ရှေးဦးစွာ မြစ်ကြီးနားလေဆိပ်၌ အောင်ပွဲရဂျူဒိုအသင်းအား ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးသန့်ဇင်ကိုကို၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့များ၊ အားကစားဆပ်ကော်မတီအသီးသီးမှ တာဝန်ရှိသူများ၊ အကအဖွဲ့များက လေဆိပ်၌ကြိုဆိုနှုတ်ဆက်ခဲ့ကြပြီး လေဆိပ်မှတစ်ဆင့် မိုးလုံလေလုံအားကစားခန်းမ သွားရာလမ်းတစ်လျှောက် ဒေသခံပြည်သူများ၊ ကျောင်းသား/ ကျောင်းသူများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ပညာရေးကောလိပ်နှင့်သူနာပြုသင် တန်းကျောင်းများမှ ကျောင်းသား/ကျောင်းသူများက အတီးအမှုတ်များနှင့်အတူ လမ်းဘေးဝဲ/ ယာတစ်လျှောက် သောင်းသောင်းဖြဖြ ကြိုဆိုနှုတ်ဆက်ခဲ့ကြသည်။

ထို့နောက် သခင်နက်ဖေလမ်းနှင့် ရုံးကြီးလမ်းထောင့်မီးပွိုင့်မှစတင်၍ ဘင်ခရာတပ်ဖွဲ့က ဦးဆောင်ကြိုဆိုခဲ့ကြရာပြည်သူ့အားကစားကွင်း မိုးလုံလေလုံအားကားခန်းမရှေ့၌ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ဇနီးဒေါ်နန်ဆိုင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများက ကြိုဆိုခဲ့ကြကာ မိုးလုံလေလုံအားကစားခန်းမ၌ ဂုဏ်ပြုပွဲအခမ်းအနားကို ကျင်းပပြုလုပ်သည်။

ဂုဏ်ပြုကြိုဆိုပွဲ အခမ်းအနားတွင် အောင်ပွဲရပြည်နယ်လက်ရွေးစင် ဂျူဒို(အမျိုးသား/အမျိုး သမီး) တို့က အောင်နိုင်ရေးအလံနှင့် တံခွန်စိုက်ဆုဖလားများကို ပြည်နယ်ဝန်ကြီးချုပ်ထံ အပ်နှံကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ယခုလို တိုင်းဒေသကြီး/ပြည်နယ် ဂျူဒိုပြိုင်ပွဲတွင် အမျိုးသားတံခွန်စိုက် ဆုဖလား၊ အမျိုးသမီးတံခွန်စိုက်ဆုဖလား၊ စုပေါင်းတံခွန်စိုက်ဖလားအပြင် အမျိုးသားအကောင်းဆုံး ဆုများ၊ အမျိုးသမီးအကောင်းဆုံးကစားသမားဆုများကို ရရှိ ဆွတ်ခူးနိုင်ခဲ့သည့် ပြည်နယ်ကိုယ်စားပြု ဂျူဒိုအသင်းအား ပြည်နယ်သူ/ပြည်နယ်သားများကိုယ်စား မှတ်တမ်းတင်ဂုဏ်ယူပါကြောင်း၊ ထို့အပြင် ဂျူဒိုအသင်းအနေဖြင့် ယခင်နှစ်ကလည်း အလားတူရရှိခဲ့ပြီး ယခုနှစ်တွင် ရွှေတံဆိပ် (၂၀)ဆု၊ ငွေတံဆိပ် (၁)ခုနှင့် ကြေးတံဆိပ် (၃)ခုဖြင့် ဆုတံဆိပ်များ ပိုမိုရရှိခဲ့သည့်အတွက် တာဝန်ကျေပွန်စွာ ပြည်နယ်ဂုဏ်ဆောင်နိုင်ခဲ့သူများအဖြစ် ဝမ်းသာဂုဏ်ယူပါကြောင်းဖြင့် ဂုဏ်ပြုပြောကြားသည်။

ဆက်လက်၍ အောင်ပွဲရပြည်နယ်ဂျူဒိုအသင်းနည်းပြ ဦးဝဏ္ဍထွန်းက ပြိုင်ပွဲအတွေ့အကြုံများ၊ ကြိုတင်ပြင်လေ့ကျင့်ခဲ့မှု အခြေအနေများနှင့် ဆုများဆွတ်ခူးရရှိခဲ့မှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် အောင်ပွဲရပြည်နယ်ဂျူဒိုအသင်းအား ဂုဏ်ပြုဆုများကို ပေးအပ်ချီးမြှင့်ရာ ပြည်နယ်ဝန်ကြီးချုပ်က အမျိုးသားတံခွန်စိုက်ဆု၊ အမျိုးသမီးတံခွန်စိုက်ဆုနှင့် အသင်းလိုက်ရွှေတံ ဆိပ်ဆု၊ စုပေါင်းတံခွန်စိုက်ဆုများအတွက် စုစုပေါင်းဂုဏ်ပြုဆုငွေကျပ်သိန်း (၈၀)ကို လည်းကောင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးတူးဂျာက အမျိုးသား/ အမျိုးသမီး အကောင်းဆုံး ကစားသမားဆုရသူအား ဂုဏ်ပြုဆုငွေကျပ် (၃၁)သိန်း၊ ပြည်နယ်ဝန်ကြီးချုပ်၏ ဇနီးက အသင်း လိုက်နှင့် (၂)ဦးတွဲ ခတပြိုင်ပွဲများတွင် ရွှေတံဆိပ်ဆုရ ကစားသမားများအတွက် ဂုဏ်ပြုငွေကျပ်သိန်း (၃၀)ကို အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့အတွင်းရေး မှူးတို့က ရွှေတံဆိပ်၊ ငွေတံဆိပ်နှင့် ကြေးတံဆိပ်ဆုရသူများအား စုစုပေါင်း ဂုဏ်ပြုချီးမြှင့်ငွေကျပ် (၇၁)သိန်းကို အသီးသီးပေးအပ်ချီးမြှင့်ပေးအပ်ခဲ့ကြရာ ဂျူဒိုအသင်းကိုယ်စား အာကစားသမားတစ်ဦး ကကျေးဇူးတင်စကားပြောကြားပြီး အာရှမြန်မာတေးသီးချင်းကို အတူတကွ ဂုဏ်ပြုသီဆိုခဲ့ကြကာ ဂုဏ်ပြုနေ့လည်စာကို အတူတကွ သုံးဆောင်ခဲ့ကြသည်။

ထို့အပြင် ပြည်နယ်ဝန်ကြီးချုပ်သည် နံနက် ၉ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ (၁/၂၀၂၄) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ပြည်နယ်လယ် ယာမြေစီမံခန့်ခွဲမှုအဖွဲ့ဝင်များနှင့် ကျင်းပပြုလုပ်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အတွင်း လယ်ယာမြေများစီမံခန့်ခွဲရာတွင် အဓိကအားဖြင့် နိုင်ငံတော်၏ စိုက်ပျိုးရေးကဏ္ဍ၊ မွေးမြူရေးကဏ္ဍ၊ စီးပွားရေးကဏ္ဍများ ဖွံ့ဖြိုးတိုးတက်ရေးကို အဓိက ဦးစားပေးဆောင်ရွက်ကြရေး၊ ဥပဒေ၊ နည်းဥပဒေ၊ အမိန့်ညွှန်ကြားချက်များနှင့်အညီ လိုက်နာအကောင်အထည်ဖော်ရာတွင် အသေးစိတ်စိစစ်ဆွေးနွေး ဆုံးဖြတ်ပေးကြရေး တိုက်တွန်းမှာကြားသည်။

ထို့နောက် ပြည်နယ်အဖွဲ့အတွင်းရေးမှူး၊ လယ်ယာမြေစီမံခန့်ခွဲ‌ရေးနှင့် စာရင်းအင်းဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးသန်းမြင့်က လယ်မြေမှတစ်ပါးလယ်မြေကို အခြားနည်းအသုံးပြုခွင့်လျှောက်ထားသည့် လုပ်ငန်းစာတွဲများ၊ အစည်းအဝေးအမှတ်စဉ် (၃/၂၀၂၃)တင်ပြဆွေးနွေးချက်အရ ပြန်လည် တင်ပြလာသည့် လုပ်ငန်းစာတွဲများ၊ ပြည်နယ်အစိုးရအဖွဲ့က ဆက်လက်ဆောင်ရွက်ရန်အကြောင်း ကြားလာသည့် လုပ်ငန်းစာတွဲနှင့် လယ်မြေကို အခြားနည်းအသုံးပြုခွင့် ခွင့်ပြုမိန့်မရမီ ဒဏ်ကြေး တွက်ချက်တင်ပြသည့် လုပ်ငန်းစာတွဲများကို ရှင်းလင်းတင်ပြမှုအပေါ် ဆွေးနွေးဆောင်ရွက်ခဲ့ကြ သည်။

ထို့အတူ မွန်းလွဲပိုင်းတွင် အဆိုပါအစည်းအဝေးခန်းမ၌ ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၁/၂၀၂၄)ကြိမ်မြောက် အစည်းအဝေးသို့ တက်ရောက်ပြီး ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်ဖွံ့ဖြိုးတိုး တက်ရေးအတွက် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများသည် အရေးကြီးပါကြောင်း၊ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ခွင့်ပြုပေးရာတွင် တည်ဆဲဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆွေးနွေးဆုံးဖြတ်ကြရန်လိုကြောင်း တိုက်တွန်းမှာကြားသည်။

ဆက်လက်၍ အဆင့်ဖော်စပ်ပြီး ကွန်ကရစ်များ ရောင်းချဝန်ဆောင်မှုပေးခြင်းလုပ်ငန်းနှင့်စပ်လျဉ်း၍ Eternal Strong Co.,Ltd. မန်နေးဂျင်းဒါရိုက်တာက ရှင်းလင်းတင်ပြပြီး ကော်မတီအဖွဲ့ဝင်များက သက်ဆိုင်ရာဌာနအလိုက် လုပ်ထုံးလုပ်နည်း၊ ဥပဒေများနှင့်အညီ ပြန်လည်ရှင်းလင်းဆွေးနွေးတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ဥပဒေနှင့်အညီဖြစ်စေရေး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ပြည်နယ် (ပြန်/ဆက်)