နတ်မောက် ဇန်နဝါရီ ၁၆
နတ်မောက်မြို့နယ်တွင် ဒေသခံတောင်သူများအနေဖြင့် ဆောင်းရာသီ သီးနှံအဖြစ် ချောင်းကြက်သွန်/ ကုန်းကြက်သွန်များ စတင်စိုက်ပျိုးလျက်ရှိပြီး ကြက်သွန်ဈေးကောင်းမွန်သဖြင့် ယခုနှစ်တွင် စိုက်ပျိုးသူ ပိုမိုများပြားကြောင်း ဒေသခံတောင်သူများထံက သိရသည်။
ဒေသခံတောင်သူများအနေဖြင့် ဆောင်းကြက်သွန်နီများကို ၂၀၂၃ခုနှစ် ဒီဇင်ဘာဒုတိယပတ်မှ စတင်စိုက်ပျိုးကြပြီး ကြက်သွန်မျိုးစေ့များကို တောင်သူအချို့မှာ ကြိုတင်စုဆောင်းထားရှိပြီး တစ်ချို့မှာ ပျိုးပင်များကို နီးစပ်ရာကျေးရွာများမှ ဝယ်ယူစိုက်ပျိုးကြကြောင်း၊ ဆောင်းကြက်သွန်နီ စိုက်ပျိုးရာတွင် ထယ်ရေးညက်အောင် ပြုပြင်ကာ ကျင်းဖွဲ့စိုက်ပျိုးထားကြောင်း၊ သဘာ၀မြေဩဇာနွားချေးများ၊ ဆိတ်ချေးများကို ထည့်သွင်းပြီး အဝိစီတွင်းရေတူး၍ မြေအောက်ရေဖြင့် ရေသွင်းစိုက်ပျိုးထားခြင်း ဖြစ်ကြောင်း အင်းကုန်းရွာမှ တောင်သူဦးဝင်းမြင့်က ပြောသည်။
ကျွန်မတို့ငယ်ငယ်တုန်းကတော့ ရွာရဲ့အနောက်ဘက်မှာရှိတဲ့ ယင်းချောင်းထဲတွင် သဲများကို နွားထွန်ရှင်းများ၊ ထွန်စက်များဖြင့် ယက်ထုတ်ပြီး ရေချိန်ကိုက်အောင်ဖမ်း၍ မြေဩဇာအဖြူ (ယူရီးယား) နွားချေးများဖြင့် ရောနှောကာ ရှမ်းပြည်ဘက်မှာ အာလူးမျိုးများဝယ်ယူ၍ အာလူးနှင့်ခရမ်းချဉ်သီးများ စိုက်ပျိုးကြသလို ကြက်သွန်များလည်း စိုက်ပျိုးခဲ့ကြောင်း၊ ယခုအခါတွင် နတ်မောက်ရေလှောင်တမံမှ ယနေ့အထိ မိုးစပါး၊ နွေစပါးစိုက်ပျိုးရေဖြန့်ဝေရာတွင် ယင်းချောင်းအတိုင်း ရေပေဝေးသဖြင့် ကြက်သွန်စိုက်ပျိုး၍ မရတော့ကြောင်း၊ ယခုအခါ ကြက်သွန်နီစျေးကြီးမြင့်လာပါသဖြင့် မိသားစုစားသုံးရန်နှင့် ပိုလျှံပါက စျေးကွက်သို့တင်ပို့ရန်အတွက် ကုန်းပေါ်တွင် အဝိစီတွင်းရေဖြင့်စိုက်ပျိုးနေရကြောင်း၊ န-လက္ခုပ္ပင်ရွာ၊ ကြူအိုင်ရွာ၊ ဘုန်းတော်ပြည့်ရွာ၊ အင်းကုန်းရွာ၊ ကုန်းဇောင်းရွာ၊ အင်းကန်ရွာ၊ ဆင်သေကန်ရွာ၊ ရှမ်းကုန်းရွာများတွင် ဆောင်းကြက်သွန်နီစိုက်ခင်းများ စိုက်ပျိုးကြကြောင်း ဘုန်းတော်ပြည့်ကျေးရွာမှ တောင်သူ မသန်းမြင့်ဌေးက ပြောသည်။
မူမူစန်း