မယ်စဲ့မြို့နယ်တွင် ကြိုတင်ဆန္ဒမဲပေးနိုင်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပ

 မယ်စဲ့ အောက်တိုဘာ ၂၈

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် အခြေခံ အကျဆုံးနှင့် အဓိကလုပ်ကိုင်ဆောင်ရွက်ကြရမည့် ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော် မရှင် အဖွဲ့ခွဲများ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများနှင့် ပါတီကိုယ်စားများအား ကြိုတင်မဲ ပေးနိုင်ရေး စီစဉ်ဆောင်ရွက်မည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၂ နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး ဦးစီးအရာရှိ ဦးဝင်းကျော်မြင့်ဦးက ၂၀၂၀ ပြည့်နှစ် နိုင်ဝင်ဘာလ (၈)ရက်နေ့တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲတွင် အသက်(၆၀)နှစ်နှင့်အထက် မဲဆန္ဒရှင်များ ကြိုတင်မဲပေးခြင်းကို အောက်တိုဘာ (၂၉) ရက်မှ နိုင်ဝင်ဘာ (၅) ရက်နေ့အထိ လည်းကောင်း၊ အချုပ်ခံနေရသူများ၊ ဆေးရုံသို့ တက်ရောက်နေရသော အတွင်းလူနာများ၊ အနာကြီး ရောဂါစွဲကပ်နေသူ၊ နေအိမ်တွင် ရောဂါဝေဒနာ ပြင်းထန်စွာ ခံစားနေရာသူနှင့် နေအိမ်တွင် မီးဖွားနေသူ များအတွက် ကြိုတင်ဆန္ဒမဲကောက်ယူခြင်းကို နိုင်ဝင်ဘာလ (၆)ရက်နှင့် (၇)ရက်နေ့များတွင် လည်းကောင်း ဆောင်ရွက်မည့်အခြေအနေတို့ကို ရှင်းလင်းပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသော ပါတီကိုယ်စားများနှင့် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများက နမ့်မန်းကျေးရွာအုပ်စု၊ သာယာကျေးရွာရှိ မဲဆန္ဒရှင်များအတွက် ကြိုတင်ဆန္ဒမဲပေးနိုင်ရေးကို ညှိနှိုင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။
စိုင်းလျှမ်း(ပြန်/ဆက်)