မောက်မယ်မြို့နယ်၌ လေပြင်းဘေးကြိုတင်ကာကွယ်ရေးစီမံချက် ရှင်းလင်းဆွေးနွေးခြင်းအခမ်းအနား ကျင်းပ

မောက်မယ် ဇန်နဝါရီ ၁၆

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်တွင် လေပြင်းဘေးကြိုတင်ကာကွယ်ရေးစီမံချက် ရှင်းလင်းဆွေးနွေးခြင်းနှင့် အိမ်ဆောက်ပစ္စည်းဖိုးများ ထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယမန်နေ့ နေ့လယ် ၁ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသက်နိုင်က အဖွင့်အမှာစကားပြောကြားပြီး လင်းခေးခရိုင် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ခရိုင်ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးနေဝင်းက လေပြင်းဘေးကြိုတင်ကာကွယ်နိုင်ရေးစီမံချက်အား အသိပညာပေးခြင်းများဆွေးနွေးပြောကြားခဲ့ပြီး မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာအုပ်စုများအတွက် အိမ်ဆောက်ပစ္စည်းဖိုးများကို ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများထံသို့ တစ်အိမ်လျှင် ၄၅၀၀၀ နှုန်းဖြင့် အိမ်ခြေ ၄၀၀ အတွက် စုစုပေါင်းငွေကျပ်သိန်း ၁၈၀ အား မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ၊ လင်းခေးခရိုင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီအတွင်းရေးမှူးနှင့် မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဝင်များတို့က အသီးသီး ထောက်ပံ့ပေးအပ်ခဲ့သည်။

အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ လင်းခေးခရိုင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီအတွင်းရေးမှူး၊ မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်မိရပ်ဖများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် စာရေးများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။         

စိုင်းမျိုးသန့်(မောက်မယ်)