ဘုတ်ပြင်းမြို့၌ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု ယိုမျိုးစုံထုတ်လုပ်မှု သင်တန်းဖွင့်လှစ်

ဘုတ်ပြင်း ဇန်နဝါရီ ၁၆

တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်းခရိုင် ဘုတ်ပြင်းမြို့ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကြီးကြပ်မှုဖြင့် ကျေးလက်နေပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေရေး၊ ဝင်ငွေတိုးလုပ်ငန်းများ ပိုမိုတွင်ကျယ်စွာ ဆောင်ရွက်လာနိုင်စေရန်နှင့် လုပ်ငန်းစွမ်းဆောင်ရည် ဖွံ့ဖြိုးတိုးတက်စေရန် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ယိုမျိုးစုံ ထုတ်လုပ်မှုသင်တန်း ရက်တိုသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက်က ဘုတ်ပြင်းမြို့ ကမာချောင်းကျေးရွာအုပ်စု အေးချမ်းမြိုင်(၁)ကျေးရွာ ကျေးရွာဘက်စုံသုံးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ဘုတ်ပြင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဝင်းက သင်တန်းဖွင့် အမှာစကား ပြောကြားသည်။ ယင်းနောက် မြို့နယ်သမဝါယမဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးနန္ဒ၊ ဘုတ်ပြင်းမြို့ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နန်းဖြိုးတို့က သင်တန်းတွင် သင်ကြားမည့် သင်ခန်းစာ အကြောင်းအရာများ၊ သင်တန်းဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ အဆိုပါ သင်တန်းသို့ ကမာချောင်းကျေးရွာအုပ်စုအတွင်းမှ သင်တန်းသူ (၁၀) ဦး တက်ရောက်ကြပြီး သင်တန်းနည်းပြများက စာတွေ့လက်တွေ့ ဘာသာရပ်များကို ဇန်နဝါရီလ  ၁၅ ရက်နေ့မှ    ၂၁ ရက်နေ့အထိ  သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

သင်တန်းသူများအနေဖြင့်လည်း သင်တန်းပြီးမြောက်ပါက အလုပ်အကိုင် အခွင့်အလမ်းများ ရရှိခြင်းနှင့် အိုးအိမ်မကွာ အလုပ်အကိုင် ရရှိပြီး မိသားစုဝင်ငွေ တိုးပွားရေးကို တစ်ဖက်တစ်လမ်းမှ များစွာ အထောက်အကူ ရရှိလာမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)