နတ်မောက် ဇန်နဝါရီ ၁၆
မကွေးတိုင်းဒေသကြီး ၊နတ်မောက်မြို့နယ်၌ ဒေသခံတောင်သူများမှာ (နွေ၊ မိုး၊ ဆောင်း) တစ်နှစ်ပတ်လုံး ဆီထွက်သီးနှံဖြစ်သည့် နှမ်း၊ မြေပဲ၊ နေကြာများ အားထား စိုက်ပျိုးလုပ်ကိုင်ကြပြီး ဆီထွက်သီးနှံများတွင် မြေပဲနှင့် နှမ်းကိုသာ ဝယ်ယူ၍ ဆီကြိတ်ခွဲရောင်းချသည့်အတွက် ဈေးကောင်းရကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။
ကျွန်တော်တို့ နတ်မောက်မြို့နယ် ဒေသခံတောင်သူတွေက ဆီထွက်သီးနှံများဖြစ်သည့် နှမ်း၊ မြေပဲ၊ နေကြာတွေကို အားထားစိုက်ပျိုးလုပ်ကိုင်ပြီး ယခုလိုသီးနှံပေါ်ချိန်တွေမှာဆို ဆီသန့်သန့် စားသုံးတဲ့ ပြည်သူများကို တစ်နိုင်တစ်ပိုင်ဆီကြိတ်ခွဲရောင်းချပေးပါတယ်၊ မိမိမြေပဲ၊ နှမ်းများဖြင့် လာရောက်ကြိတ်ခွဲလျှင် လုပ်အားခအဖြစ် မြေပဲ၊ နှမ်း တစ်တင်းကြိတ်လျင် ငွေကျပ်(၇၀၀၀)ယူပါတယ်၊ မြေပဲဘက်၊ နှမ်းဘက်များကိုလည်း ပြန်လည်ဝယ်ယူပေးပါတယ်၊ မိမိမြေပဲ၊ နှမ်းများဖြင့် လာရောက်ဆီကြိတ်တော့ ဆီသန့်သန့်စားသုံးရသည့်အပြင် ကျန်းမာရေးအတွက်လည်း ကောင်းပါတယ်၊ အခြားဆီရောင်းတဲ့ ဆိုင်တွေမှာဆို နှမ်းဆီတစ်ပိဿာနှင့် မြေပဲဆီတစ်ပိဿာကို ငွေကျပ် ၁၄၀၀၀ ပေးရသည့်အတွက် မိမိမြေပဲ၊ နှမ်းကို ဆီကြိတ်စားရတော့အပိုငွေလည်းမထွက်သည့်အပြင် ကျွန်တော်တို့လို တစ်နိုင်တစ်ပိုင်မြေပဲဆီ၊ နှမ်းဆီကြိတ်ခွဲစက်ထောင်ထားတဲ့သူတွေလည်း လုပ်ငန်းများ လုပ်ရတဲ့အတွက်ကြောင့် မိသားစုလုပ်ငန်းလည်ပတ်နိုင်သလို ဝင်ငွေလည်းရတာပေါ့ဗျာ” ဟု နတ်မောက်မြို့နယ် ဈေးသာကျေးရွာဆီကြိတ်ခွဲစက်ပိုင်ရှင် တစ်ဦးကပြောသည်။
လှဝင်း