မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင် မကွေးတိုင်းဒေသကြီး၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်ဖွင့်ပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနား တက်ရောက်

မကွေး ဇန်နဝါရီ ၁

မကွေးတိုင်းဒေသကြီး၏ ၂၀၂၃ - ၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲတော် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက မကွေးမြို့တော်ခန်းမရှေ့၌ ကျင်းပရာ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် ဇနီး၊ မကွေးတပ်နယ်မှ ဗိုလ်မှူးချုပ်ထွန်းဝင်းနှင့် ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ တိုင်းဒေသကြီးတရားသူကြီးချုပ်နှင့် ဥပဒေချုပ်၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်သည်။

ရှေးဦးစွာ မကွေးတိုင်းဒေသကြီး၏ ၂၀၂၃ - ၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်ဆိုင်းဘုတ်အား မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး ပညာရေးစုံညီပွဲတော်အထိမ်းအမှတ် အခြေခံပညာကျောင်းများမှ ဈေးဆိုင်များနှင့် ပညာရေးဆိုင်ရာ ပြခန်းများအား လှည့်လည်ကြည့်ရှုအားပေးခဲ့သည်။

ဆက်လက်၍ မကွေးမြို့တော်ခန်းမတွင် ပညာရေးစုံညီပွဲတော် ဆုချီးမြှင့်ခြင်းအခမ်းအနားကိုကျင်းပရာ ကျောင်းသား၊ ကျောင်းသူလေးများက ကြိုဆိုပါသည်စုံညီပွဲတော် သီချင်းဖြင့် ဖျော်ဖြေတက်ဆက်ကာ အခမ်းအနားကို ဖွင့်လှစ်ပေးခဲ့သည်။

ထို့နောက် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်က အမှာစကားပြောကြားရာတွင်  ပညာရေးမှာ ပူးပေါင်းပါဝင်ခွင့်၊ ပံ့ပိုးကူညီခွင့်၊ အကြံပြုခွင့်ရရှိရေးအတွက် ပညာသင်နှစ်အစမှာ ကျောင်းအပ်နှံရေးနေ့ အခမ်းအနားများကို ကျင်းပခဲ့ကြသလို ပညာသင်နှစ်ကုန်ဆုံးတော့မည့် အချိန်မှာလည်း ဒေသဆိုင်ရာတာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသူများ၊ မိဘပြည်သူများနှင့် ပညာရေးကို တန်ဖိုးထား အားပေးကူညီသည့် အသင်းအဖွဲ့များ၏ တစ်သားတည်းဖြစ်မှုကို ဖော်ထုတ်ပြသရန် ရည်ရွယ်လျက် ပညာရေးစုံညီပွဲတော်များကို ယခုလို ကျင်းပပေးခြင်းဖြစ်ကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် တစ်နိုင်ငံလုံးအသိပညာ၊ အတက်ပညာမြင့်မားတိုးတက်စေရေး၊ ကုန်ထုတ်လုပ်မှု အထောက်အကူပြု ပညာရှင်များ ထွန်းကားလာစေရေးအတွက် လူတိုင်းလက်လှမ်းမီသည့် ဘက်စုံပညာရေးစနစ် အကောင်အထည်ဖော်ဆောင်ရေးကို အလေးထားချမှတ်ထားပါကြောင်း၊ မကွေးတိုင်းဒေသကြီးအနေဖြင့် ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းအပ်နှံနိုင်ရေးနှင့် ပညာသင်ကြားထွင့်ရရှိရေးတို့ကို အလေးထား ဆောင်ရွက်လျက်ရှိပြီး မိဘပြည်သူများအနေဖြင့်လည်း သက်ဆိုင်ရာကဏ္ဍများမှာ ပူးပေါင်းပါဝင် ကူညီဆောင်ရွက်ပေးကြစေလိုကြောင်းနှင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး၊ ဒေသတိုးတက်ဖွံ့ဖြိုးရေး၊ စားနပ်ရိက္ခာဖူလုံပေါကြွယ်ဝရေးနှင့် ဂုဏ်ရည်ဝင့်ထည်သော သာယာဝပြောသည့် နိုင်ငံတော်ကြီးကို ဝိုင်းဝန်းတည်ဆောက်ရေးအတွက် အနာဂတ်တွင် ဆက်လက်တာဝန်ယူကြရမည့် ကျောင်းသားလူငယ်များကို ကောင်းမွေများလက်ဆင့်ကမ်းပေးကြရန် တာဝန်ရှိသူများအနေဖြင့် လိုအပ်ပါကြောင်း စသည်ဖြင့် ပြောကြားသည်။

ယင်းနောက် ဖျော်ဖြေရေးအစီအစဉ်များဖြင့် ဖျော်ဖြေတင်ဆက်ကြပြီး တိုင်းဒေသကြီးအဆင့် ပန်းချီပြိုင်ပွဲ၊ ကဗျာပြိုင်ပွဲ၊ စာစီစာကုံပြိုင်ပွဲ၊ အင်္ဂလိပ်စာနှင့် သင်္ချာစွမ်းရည်ပြိုင်ပွဲ၊ စိမ်းလန်းစိုပြေသော ကျောင်းဆုနှင့် သက်ဆိုင်ရာကဏ္ဍအလိုက် ဆုရရှိသူများကို မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် ဇနီး၊  မကွေးတပ်နယ်မှ ဗိုလ်မှူးချုပ် ထွန်းဝင်းနှင့် ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ တာဝန်ရှိသူများက ဆုများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ပြီး ဖျော်ဖြေရေးအစီအစဉ်များတွင် ပါဝင်တင်ဆက်ခဲ့သည့်  ကျောင်းသား၊ ကျောင်းသူများအား မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်က ဂုဏ်ပြုဆုငွေများ ပြန်လည်ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

အောင်ကို(ပြန်/ဆက်)