အင်္ဂပူမြို့နယ် နိုင်ငံ့ဝန်ထမ်းပင်စင်စားများအား (အခမဲ့) ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေး

အင်္ဂပူ ဇန်နဝါရီ ၁၅

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့၏ စီမံမှုဖြင့်မြို့နယ်ကုသရေးဦးစီးဌာနမှ မြို့ပေါ်ရပ်ကွက်များအတွင်းရှိ နိုင်ငံ့ဝန်ထမ်းပင်စင်စားများအား ကျန်းမာရေးစောင့်ရှောက်မှု (အခမဲ့) ဆောင်ရွက်ပေးခြင်းကို ယနေ့နံနက် ၉ နာရီမှစတင်၍ မြို့နယ်ပြည်သူ့အားကစားခန်းမတွင် ကျန်းမာရေးစောင့်ရှောက်မှုများ‌ ဆောင်ရွက်ပေးခဲ့သည်။

မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာအေးပပစိုးရီနှင့်ဝန်ထမ်းများမှ မြို့ပေါ်ရပ်ကွက်များအတွင်းရှိ နိုင်ငံ့ဝန်ထမ်းပင်စင်စားနှင့်အသက်၅၀နှစ်အထက် နိုင်ငံ့ဝန်ထမ်း (၂၁၀) ဦးခန့်တို့အား သွေးပေါင်ချိန်ခြင်း၊ ဆီးချိုသွေးချိုစစ်ပေးခြင်း၊ သွေးတွင်းအောက်စီဂျင် တိုင်းတာခြင်းများစစ်ဆေးခြင်း၊ အထွေထွေရောဂါလူနာများအား လိုအပ်သည့်ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးခဲ့ပြီး နိုင်ငံ့ဝန်ထမ်းပင်စင်စားများနှင့် အသက် (၅၀) နှစ်အထက်နိုင်ငံဝင်ထမ်းများအား ကိုဗစ် (၁၉) ကာကွယ်ဆေးများ ထပ်ဆောင်းထိုးနှံ‌ပေးခဲ့သည်။

အဆိုပါ နိုင်ငံ့ဝန်ထမ်းပင်စင်စားများအား (အခမဲ့) ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးနေမှုနှင့် ကိုဗစ်ကာကွယ်ဆေးထိုးနှံမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်‌ကျော်မိုးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများနှင့် မြို့ပေါ်ရပ်ကွက် အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်သန္တာဌေးနှင့်အဖွဲ့ဝင်များက လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မန်းကျော် (ပြန်/ဆက်)