ဖြူးမြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ မြို့နယ်အဆင့်ပညာရေးစုံညီပွဲတော်နှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပ

ဖြူး ဇန်နဝါရီ ၁၅

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ မြို့နယ်အဆင့်ပညာရေးစုံညီပွဲတော်နှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့နံနက်(၉)နာရီအချိန်က အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ရာပြည့်ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ပညာရေးစုံညီပွဲတော်ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးစောမင်းသူ၊ အဖွဲ့ဝင်(၂)ဦးခင်မောင်စိုး၊ မြို့နယ်ပညာရေးမှူးဒေါ်သီသီကြိုင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပြီး Grade-10 မှ ကျောင်းသား၊ ကျောင်းသူများက "ကြိုဆိုပါသည်စုံညီပွဲတော်" သီချင်းဖြင့်  သီဆိုဖွင့်လှစ်ပေးကြသည်။ ထို့နောက် ပညာရေးစုံညီပွဲတော်ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးစောမင်းသူက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပညာရေးမှူးဒေါ်သီသီကြိုင်က ပညာရေးဆိုင်ရာများအား ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ အခြေခံပညာဦးစီးဌာနနှင့် ပူးပေါင်းဆောင်ရွက်သော ဌာနဆိုင်ရာများနှင့် ကျောင်းအကျိုးတော်ဆောင်များအား မြို့နယ်ပညာရေးမှူးက ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ခြင်း၊ ဗဟိုအဆင့်၊ တိုင်းဒေသကြီးအဆင့်၊ ခရိုင်အဆင့်ဆိုကရေးတီးပြိုင်ပွဲ၊ အားကစားပြိုင်ပွဲ၊ သင်္ချာ/အင်္ဂလိပ်စာထူးချွန်သော ကျောင်းသား၊ ကျောင်းသူများအားလည်းကောင်း၊ ၂၀၂၂-၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းတွင် ထူးချွန်သော ကျောင်းသား၊ ကျောင်းသူများအားလည်းကောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ အဖွဲ့ဝင်(၂)၊ မြို့နယ်ပညာရေးမှူးနှင့်ဌာနဆိုင်ရာအကြီးအကဲများက အသီးသီးဆုများချီးမြှင့်ပေးအပ်ခြင်း၊ ကျောင်းသား၊ ကျောင်းသူများမှ အကပဒေသာများဖြင့် သီဆိုကပြဖျော်ဖြေခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

နေမျိုးလွင်(ပြန်/ဆက်)