ပန်းတနော်မြို့၌ ပြည်သူများအား ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေး

ပန်းတ​နော် ဇန်နဝါရီ ၁၅

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထပ်ဆောင်းထိုးနှံပေးခြင်းကို ယနေ့ နံနက် ၉ နာရီက မြို့နယ်ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမ၌ ထိုးနှံပေးလျက်ရှိသည်။

အဆိုပါ ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံရန်အတွက် နောက်ဆုံးအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပြီးစီးမှုကာလ အနည်းဆုံး (၆)လရှိပြီး အသက် (၅၀)နှစ်အထက် နိုင်ငံ့ ဝန်ထမ်းများ၊ အသက် (၆၅)နှစ်နှင့်အထက် ပြည်သူများ၊ အသက် (၁၈)နှစ်နှင့် အထက် နာတာရှည် ရောဂါရှိသူများနှင့် ကိုယ်ခံအား ကျဆင်းသည့် ရောဂါရှိသူများ၊ ကိုယ်ဝန်ဆောင်မိခင်များကို Pfizer Original Strain Comirnaty 30 micrograms/ dose ကာကွယ်​ဆေးထိုးနှံပေးပြီး ကျန်းမာရေး ဝန်ထမ်းများနှင့် အသက် (၅၀)နှစ်အထက် နာတာရှည်ရောဂါခံစားနေရသော ပြည်သူများအား Pfizer Variant Containing Vaccine (VCV) Comimaty Original/ Omicron BA.4-5 (15/ 15 micrograms)/ dose ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ပြည့်ဖြိုးကျော်(ပြန်/ဆက်)