ကော့သောင်း အောက်တိုဘာ ၂၈
၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ တွင် ကြိုတင်ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူများက ကြိုတင်ဆန္ဒမဲ ပေးနိုင်ရန် ဆန္ဒမဲလက်မှတ်များနှင့် မဲရုံလုပ်ငန်းသုံးပုံစံများကို ကော့သောင်းမြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများ၊ မဲရုံမှူးများထံသို့ ယနေ့နံနက် ၁၀ နာရီက ထုတ်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ဆန္ဒမဲလက်မှတ်များနှင့် မဲရုံလုပ်ငန်းသုံးပုံစံများ ထုတ်ပေးရာတွင် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးမျိုးမြင့်နှင့် မြို့နယ်ကော်မရှင်အဖွဲ့ဝင် များက ရပ်ကွက်နှင့်ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ့ဥက္ကဋ္ဌ၊ အတွင်းရေးမှူးများနှင့် မဲရုံမှူးများထံ စနစ်တကျ ထုတ်ပေးခြင်းဖြစ်သည်။
ကော့သောင်းမြို့နယ်အနေဖြင့် ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၂၇) စု မဲရုံပေါင်း (၇၅) ရုံနှင့် မဲဆန္ဒရှင် (၁၁၂၁၆၆) ဦးရှိပြီး အထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒနယ် အတွင်း ရှိနေသော်လည်း အကြောင်း အမျိုးမျိုးကြောင့် မဲရုံသို့ကိုယ်တိုင်လာရောက် ဆန္ဒမဲမပေးနိုင်သူများ၊ အသက် ၆၀ နှစ်နှင့်အထက် မဲဆန္ဒရှင်များ၊ ဆေးရုံ တက်ရောက်နေသူများ၊ အချုပ်ခံနေရသူများ၊ နိုင်ငံ့တာဝန်ဖြင့် မဲဆန္ဒနယ်ကျော်လွန်၍ ခရီးသွားမည့် နိုင်ငံ့ဝန်ထမ်းများ၊ ရွေးကောက်ပွဲတာဝန် ထမ်းဆောင်မည့် သူများစသည့် ကြိုတင်ဆန္ဒမဲပေးပိုင်ခွင့် ရှိသူများသည် အောက်တိုဘာလ ၂၉ ရက်မှ နိုဝင်ဘာလ ၇ ရက်နေ့အထိ သက်ဆိုင်ရာ ရပ်ကွက်နှင့်ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများထံတွင် ကြိုတင်ဆန္ဒမဲ ပေးနိုင်ကြောင်း သိရသည်။
ကျော်စိုး (ကော့သောင်း)